Connect with us

MYANMAR

COVID-19 ရောဂါပိုး ရှိသူ လူနာသစ် ၆ ဦး ထပ်တိုး ၊ ဓာတ်ခွဲအတည်ပြုလူနာများအနက် ပိုးကင်းစင်သူ ၉ ဦး ရှိလာ

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင်၍ ဈေးရောင်းချနေသူ တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ)

COVID-19 ရောဂါပိုး ဓာတ်ခွဲစစ်ဆေးမှုများအရ ယနေ့ ဧပြီ ၂၀ ရက် ပထမ အသုတ် စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ခြောက်ဦး ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ရပြီး စုစုပေါင်း COVID-19 ရောဂါပိုး ရှိသူ အရေအတွက် ၁၁၇ ဦး ရှိလာခဲ့ကြောင်းနှင့် ရောဂါပိုးကင်းစင်သူ ၉ ဦး ရှိလာခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ ဧပြီ ၂၀ ရက် ည ၈ နာရီ အချိန် ထုတ်ပြန်မှု အရ သိရသည်။

ယခုအခါ မြန်မာနိုင်ငံရှိ ဓာတ်ခွဲအတည်ပြုလူနာများအနက် ရောဂါပိုးကင်းစင်သူ ၉ ဦး ရှိလာခဲ့ပြီး ၎င်းတို့အနက် ၄ ဦးအား ယနေ့ ဧပြီ ၂၀ ရက်တွင် ဆေးရုံမှဆင်းခွင့်ပြုခဲ့သဖြင့် ဆေးရုံဆင်းသူ စုစုပေါင်း (၆)ဦး (Case-003၊ Case-004၊ Case- 007၊ Case-009၊ Case-021၊ Case-015) ရှိပြီ ဖြစ်ကြောင်း ၊ သို့သော်လည်း ၎င်းတို့အား သတ်မှတ်ရက်ပြည့်သည်အထိ အသွားအလာ ဆက်လက်ကန့်သတ်ထားကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

ယခု ထပ်မံ စစ်ဆေးတွေ့ရှိခဲ့သော COVID-19 ရောဂါပိုး ရှိသူ လူနာသစ် ၆ ဦးတွင် အသက် ၁၀ နှစ် အရွယ် အမျိုးသမီးငယ် တစ်ဦး ပါဝင်ပြီး ယင်းလူနာများမှာ  ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ၊ ချင်းပြည်နယ် တီးတိန်မြို့နယ် ၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တို့မှ ဖြစ်ကြောင်း ၊ ယင်းလူနာသစ် (၆) ဦးကို သက်ဆိုင်ရာဆေးရုံများသို့ လွှဲပြောင်း၍ သီးခြားထားရှိကုသမှု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

ထို့အတူ ဝေဘာဂီအထူးကုဆေးရုံကြီးရှိ လူနာ (၂)ဦးအား အထူးကြပ်မတ် ကုသဆောင်တွင် ဆေးကုသမှုပေးလျက်ရှိပြီး ကျန်လူနာအားလုံး၏ ကျန်းမာ‌ရေးအခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။ 

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ ယနေ့ ဧပြီ ၂၀ ရက် ပထမ အသုတ် စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာ ၁၈၁ ခုအနက် ၆ ဦး၏ ဓာတ်ခွဲနမူနာတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ပြီး ကျန်  ၁၇၅ ခုတွင် COVID-19 ရောဂါပိုးမတွေ့ရှိရကြောင်း သိရသည်။ (Xinhua)