Connect with us

MYANMAR

Stay at Home မြို့နယ်များ ကြေညာထားခြင်းမပြီးပြတ်သေးကြောင်းဆို

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မှ COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းပြောကြားစဉ် (ဓာတ်ပုံ--Myanmar State Counsellor Office)

ရန်ကုန်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)

Stay at Home မြို့နယ်များ ကြေညာထားခြင်းမပြီးပြတ်သေးကြောင်း၊ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင်ရှိသော တချို့စက်ရုံ အလုပ်ရုံများ ပြန်လည် လည်ပတ်နိုင်ရန် စည်းမျဉ်းစည်းကမ်းများ သတ်မှတ်၍ စည်းမျဉ်းစည်းကမ်း နှင့် ကိုက်ညီပါက ပြန်၍ လည်ပတ်နိုင်ရန် ခွင့်ပြုခဲ့ကြောင်း၊ ထိုသို့ခွင့်ပြုသည့်အတွက် တချို့မှာ Stay at Home လွတ်သွားပြီဟု ထင်ကြကြောင်း၊ Stay at Home က ယခုအထိတည်ဆဲဖြစ်ကြောင်း၊စည်းမျဉ်းစည်းကမ်းများလည်းတည်ဆဲဖြစ်ကြောင်း Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မှ ယနေ့ညတွင်ပြော ကြားသော COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

တစ်နိုင်ငံလုံးတွင် COVID-19 ရောဂါဖြစ်ပွားမှုတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ် နှင့် မန္တလေးတိုင်းဒေသကြီးတို့ မှ ဖြစ်ပွားမှုအများဆုံးဖြစ်ကြောင်းသိရသည်။

“အရေအတွက်အရရော၊ ရာခိုင်နှုန်းအရရောကြည့်ရင် အပေါ်ဆုံးက ရန်ကုန်တိုင်းဒေသကြီးပါပဲ ။ ရန်ကုန်တိုင်းဒေသကြီးပြီးတော့ပဲခူးတိုင်းဒေသကြီး၊ ပြီးတော့ရခိုင်ပြည်နယ်၊ ပြီးတော့ မန္တလေးတိုင်းဒေသကြီးပါ။ မန္တလေးတိုင်းဒေသကြီးက ရာခိုင်နှုန်းအရ ဆိုရင် ၄ မချိတ်ပါဘူး။ အရေအတွက် အရပဲချိတ်တာပါ။ ရန်ကုန်၊ ပဲခူး၊ ရခိုင်ကတော့ ရာခိုင်နှုန်းရော၊ အရေအတွက်ရောများတဲ့ဘက်မှာပါပါတယ်။ ဒါကြောင့် ရန်ကုန်ကပြည်သူတွေ၊ ပဲခူးကပြည်သူတွေ၊ ရခိုင်ကပြည်သူတွေက ဆက်ပြီးသတိထားရမှာဖြစ်ပါတယ်။’’ ဟု ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။

ကျန်းမာရေးဘက်မှာလည်း တချို့နေရာတွေမှာ မပြေလည်တာလေးတွေရှိသည်ဟုကြားရကြောင်း၊ ဥပမာအားဖြင့် ချက်ချင်း Quarantine ဝင်ဖို့လူတွေကို Quarantine ဝင်ဖို့ အစီအစဉ်တွေ မလုပ်ပေးနိုင်တာတွေ၊ ဆေးရုံတက်ဖို့မလုပ်ပေးနိုင်တာတွေကို စဉ်းစားပြီး မြန်မြန်ဆန်ဆန် Quarantine နိုင်ဖို့၊ ဆေးရုံတက်နိုင်ဖို့ကို အစီအစဉ်သစ်တွေလုပ်နေကြောင်း၊ ဥပမာဆိုရင် အားလုံးကနေ တိုင်းအဆင့်ကမဟုတ်ဘဲ တချို့ကိစ္စတွေကို မြို့နယ်အဆင့်ကနေဆုံးဖြတ်နိုင်အောင်လို့ အစီအစဉ်သစ်တွေလုပ်မည်ဖြစ်ကြောင်း၊ ဒါမှသာ မြန်မြန်ဆန်ဆန် Quarantine ပို့နိုင်မှာဖြစ်ကြောင်း ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောသည်။

ယခုအချိန်တွင် လိုအပ်သည့်ဆေးဝါးများ၊ ကာကွယ်ဆေးပေါ်သည်ဆိုသည့်အချိန်တွင် အဆိုပါကာကွယ်ဆေးကို သုံးနိုင်ဖို့ ၊ ကာကွယ်ဆေးထုတ်ဖို့ အစီအစဉ်ရှိသည့် နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့် ဆက်သွယ်၍ ယခုကတည်းက ပူးပေါင်းဆောင်ရွက်နေကြောင်း၊ ထို့ကြောင့်ကာကွယ်ဆေးရပါက ပြည်သူများမြန်မြန်ဆန်ဆန်သုံးစွဲနိုင်မည်ဖြစ်ကြောင်းဆိုသည်။

ထို့ပြင် နိုင်ငံခြားတွင် မဲပေးတဲ့သူများသည် ၂၀၁၅ နှင့်ယှဉ်ပါက ၃ ဆ လောက်တက်လာကြောင်း၊ မဲပေးဖို့စာရင်းထည့်ထားသည့် ပြည်သူတွေရဲ့ မဲပေးဖြစ်တဲ့ ရာခိုင်နှုန်းသည် ၂၀၁၅ နှင့်ယှဉ်ပါက ကျလာကြောင်း၊ ၂၀၁၅ရွေးကောက်ပွဲတွင် ၇၅ ရာခိုင်နှုန်းက မဲပေးဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ၆၉ ရာခိုင်နှုန်းကမဲပေးဖြစ်ကြောင်း၊ သို့သော် ကိန်းဂဏန်းအရ စုပေါင်းလိုက်လျှင် ၃ ဆ လောက်ပိုပြီးမဲပေးကြောင်းဆိုသည်။

“မဲဆန္ဒရှင်တွေက နိုင်ငံခြားသံရုံးတွေမှာ ပုံစံ ၁၅ တွေထုတ်ထားပေမယ့် မဲလာမပေးနိုင်တဲ့ ပြည်သူတွေရှိခဲ့ပါတယ်။ အဓိကအားဖြင့် COVID ရဲ့အခက်အခဲကြောင့်လို့ ကျွန်မတို့ ထင်ပါတယ်။ အစကတည်းက ပုံစံ ၁၅ ထုတ်တာက မဲပေးချင်တဲ့ဆန္ဒရှိလို့ ထုတ်ထားတယ်လို့ကျွန်မတို့နားလည်ပါတယ်။ ဒါပေမယ့်တချို့နိုင်ငံတွေမှာဆိုရင် မဲသွားပေးဖို့ကိုက အခြေအနေ တော်တော်ခက်ခဲပါတယ်။ တချို့နိုင်ငံတွေမှာ ဆိုရင်မြို့ကြီးတွေကလွဲလို့ တခြားနေရာတွေမှာမဲရုံတွေထောင်ခွင့်မပေးဘူးဆိုပြီးသတ်မှတ် ထားတာတွေရှိပါတယ်။ အဲဒီလိုအခါကြတော့ပြည်သူတွေက လာရောက်မပေးနိုင်တဲ့အခါကြတော့လည်း ဒီမဲတွေက မပေးဖြစ်ဘူးပေါ့နော်။ သို့သော်လည်းပဲ ဒီ ၆၉ ရာခိုင်နှုန်းဆိုတာ အင်မတန်မှ မြင့်တဲ့ရာခိုင်နှုန်းပါ။ ကျွန်မတို့ရဲ့ ပြည်သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ရွေးကောက်ပွဲကို အလေးထားပြီးတော့ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ တာဝန်ကို အလေးထားပြီး ၆၉ရာခိုင်နှုန်းက ကြိုတင်မဲတွေပေးပြီးပြီဆိုတာ သိရလို့ ကျွန်မတို့ဝမ်းသာပါတယ်။’’ ဟု၎င်းကဆက်ပြောသည်။

ရွေးကောက်ပွဲနီးလာတာနဲ့ အမျှ ပြည်သူလူထုအနေဖြင့် COVID-19 အတွက် ထုတ်ထားသော စည်းမျဉ်းစည်းကမ်းဘောင်အတွင်းကနေဖို့က အင်မတန်မှ အရေးကြီးလာကြောင်း၊ ရွေးကောက်ပွဲနီးလာတာနှင့် အမျှ အောင်နိုင်ရေးနှင့်ပတ်သက်၍ လှုပ်ရှားနေသော ပါတီအသီးသီးအနေဖြင့် စည်းမျဉ်းစည်း ကမ်းတွေကို သတိပြုပြီးလိုက်နာစေချင်ကြောင်းဆိုသည်။ (Xinhua)