Connect with us

WORLD

လစာ ၁၂.၅ ရာခိုင်နှုန်းဖြတ်တောက်ရန် အာဆင်နယ်ကစားသမားများ သဘောတူ

ဘောလုံးပွဲတစ်ခုအတွင်း အောင်ပွဲခံနေသည့် အာဆင်နယ် ဘောလုံးကစားသမားအချို့အား တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

အင်္ဂလန်ပရီးမီးယားလိဂ်မှ အာဆင်နယ်ဘောလုံးအသင်းသည် ၎င်းတို့၏ ပထမအသင်းကစားသမားများနှင့် နည်းပြချုပ် မီကဲလ်အာတီတာ (Mikel Arteta) အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်သက်ရောက်မှုကြောင့် အသင်းအားပြန်လည် ထောက်ပံ့ရန် ၎င်းတို့၏လုပ်ခလစာထဲမှ ၁၂.၅ ရာခိုင်နှုန်း ဖြတ်တောက်မှုအပေါ် သဘောတူခဲ့ကြကြောင်း ကလပ်အသင်းက ကြေညာခဲ့သည်။

အသင်း၏ ပထမကစားသမားများ၊ နည်းပြချုပ် နှင့် နည်းပြအဖွဲ့ဝင်များအနေဖြင့် လစာဖြတ်တောက်မှုအပေါ် ၎င်းတို့၏ စိတ်ဆန္ဒအလျှောက် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း အသင်းက ဆိုသည်။ နှစ်စဉ်စုစုပေါင်း ဝင်ငွေထဲမှ ၁၂.၅ ရာခိုင်နှုန်းဖြတ်တောက်ခြင်းသည် ယခုလတွင် စတင်သက်ရောက်မည်ဖြစ်ကြောင်း၊ သို့သော်လည်း အသင်းအနေဖြင့် လာမည့်ဘောလုံးရာသီတွင် ကွင်းဝင်ကြေးအပါအဝင် အသင်း၏ ရည်မှန်းချက်ပြည့်မီခြင်း ၊ ပြိုင်ပွဲအောင်မြင်မှုများရရှိခြင်း စသည့် ရလဒ်ကောင်းများထွက်ပေါ်လာပါက လစာငွေများကို ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

အာဆင်နယ်အသင်းက ယခုသဘောတူညီမှုသည် ယခုနှစ် ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ အပြီးသတ်နိုင်ဖွယ်ရှိ ခြင်းနှင့် ရုပ်သံထုတ်လွှင့်ပြသမှုမှ ဝင်ငွေအပြည့်အဝရရှိနိုင်ခြင်းတို့ကြောင့် ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။ယခုလအစောပိုင်းတွင် ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်က ကလပ်အသင်းများအနေဖြင့် ကစားသမားများထံမှ လစာ ၃၀ ရာခိုင်နှုန်း ဖြတ်တောက်ရန် အကြံပေးခဲ့သည်။ သို့သော် အင်္ဂလန်ဆုကြေးစားဘောလုံးသမားများအဖွဲ့ချုပ်က ထိုသို့ပြုလုပ်ခြင်းဖြင့် အမျိုးသားကျန်းမာရေး စောင့်ရှောက်မှု (NHS) အပေါ် အမှန်တကယ် ထိခိုက်မှု ဖြစ်လာနိုင်ကြောင်း ၊ အဘယ်ကြောင့်ဆိုသော NHS သည် ကစားသမားများထံမှ အခွန်အခများစွာ ရရှိနေခြင်းကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆောက်သမ်တန်နှင့် ဝက်စ်ဟမ်း ဘောလုံးအသင်းတို့မှ ကစားသမားကလည်း လုပ်ခလစာ ရွှေ့ဆိုင်းမှုအပေါ် အသီးသီး သဘောတူညီခဲ့ကြောင်း သိရသည်။  (Xinhua)