Connect with us

WORLD

တရုတ်နိုင်ငံ ကွမ်ကျိုးမြို့မှ ၎င်း၏ချစ်ကြည်ရေးမြို့ဖြစ်သည့် ဘရာဇီးနိုင်ငံ ရစီးဖီမြို့သို့ ရောဂါကာကွယ်ရေးအထောက်အပံ့ပစ္စည်းများ ပေးပို့  

ဘရာဇီးနိုင်ငံတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် လမ်းတစ်လျှောက်ပိုးသတ်ဆေးများဖြန်းနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ရီရိုဒီဂျနေရို ၊ မေ ၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ကွမ်ကျိုးမြို့မှ ၎င်း၏ချစ်ကြည်ရေးမြို့ဖြစ်သည့် ဘရာဇီးနိုင်ငံ ရစီးဖီမြို့(Recife)သို့ ကပ်ရောဂါကာကွယ်ရေးအထောက်အပံ့ပစ္စည်းများကို ယခုရက်ပိုင်းတွင်း ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

အဆိုပါ ရောဂါကာကွယ်ရေးအထောက်အပံ့ပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ရစီးဖီမြို့အခြေစိုက် တရုတ်နိုင်ငံ ကောင်စစ်ဝန်ရုံးနှင့် ရစီးဖီမြို့ ဒေသဆိုင်ရာအစိုးရ တို့အကြား  မေ ၄ ရက်က ဗွီဒီယိုဖြင့် ဆက်သွယ် ကျင်းပခဲ့သည်။

ရစီးဖီမြို့အခြေစိုက် တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ် ရန်ယီချင်းက  တရုတ်နိုင်ငံတွင် COVID-19 ကပ်ရောဂါဖြစ်ပွားစဉ်က ရစီးဖီမြို့အစိုးရသည် ကွမ်ကျိုးမြို့အစိုးရထံသို့ ချစ်ခင်ရင်းနှီးစွာဖြင့် နှစ်သိမ့်အားစကားပြောကြားခဲ့သလို ခိုင်မာစွာအားပေးထောက်ခံကြောင်း စာလွှာပေးပို့ခဲ့သည်ဟု ဆိုသည်။ 

ဘရာဇီးနိုင်ငံတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် လမ်းတစ်လျှောက်ပိုးသတ်ဆေးများဖြန်းနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ယနေ့အခါ ဘရာဇီးနိုင်ငံ ကပ်ရောဂါအခြေအနေ ဆိုးဝါးလာရာတွင် ရစီးဖီမြို့၌ အလွန်အမင်းလိုအပ်လျက်ရှိသော ရောဂါကာကွယ်ရေးအထောက်အပံ့ပစ္စည်းများကို ကွမ်ကျိုးမြို့အစိုးရနှင့်ပြည်သူများကလည်း မိုင်ထောင်ချီရပ်ဝေးမှ ပေးပို့ခဲ့ရာ နက်ရှိုင်းသည့်ချစ်ကြည်ရေး၏ ပုံရိပ်ပင်ဖြစ်ပါကြောင်း ၊ ရစီးဖီမြို့အခြေစိုက် တရုတ်နိုင်ငံ ကောင်စစ်ဝန်ရုံးအနေဖြင့်လည်း ကပ်ရောဂါတိုက်ဖျက်ရေးလှုပ်ရှားမှုများနှင့် တရုတ်-ဘရာဇီး ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးတွင် ဆက်လက်ကူညီအားပေးဆောင်ရွက်သွား လိုကြောင်း ပြောကြားခဲ့သည်။ 

ဘရာဇီးနိုင်ငံတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် လမ်းတစ်လျှောက်ပိုးသတ်ဆေးများဖြန်းနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ရစီးဖီမြို့ မြို့တော်ဝန် ဂျရာဒိဂျူလီရိုကလည်း ကွမ်းကျိုးမြို့အစိုးရနှင့်ပြည်သူများသည် ရစီးဖီး ကပ်ရောဂါတိုက်ဖျက်ရေးအရေးကြီးအချိန်အခါတွင် လက်ကမ်းဖေးမကူညီသည့်အတွက်ကျေးဇူးတင်ရှိကြောင်း၊ ယခု ပေးအပ်သည့် ဆေးဘက်ဆိုင်ရာအထောက်အပံ့ပစ္စည်းများသည် အကြပ်အတည်းအချိန်အခါတွင် လက်ကမ်းကူညီခြင်းဖြစ်ရာ ကပ်ရောဂါစစ်ဆင်ရေးတိုက်ပွဲရှေ့တန်းတွင် တာဝန်ထမ်းဆောင်နေကြသည့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများလုံခြုံရေးအတွက် အများစွာအထောက်အကူဖြစ်စေသလို ရောဂါတိုက်ဖျက်ရေး ယုံကြည်စိတ်ကိုလည်း ပို၍ ခိုင်မာစေကြောင်း၊ တရုတ်နိုင်ငံ၏ အားတိုက်ကူညီထောက်ခံမှုများကြောင့် ရစီးဖီမြို့သည် ကပ်ရောဂါတိုက်ဖျက်ရေးစစ်ပွဲကို အနိုင်ဆင်နွှဲနိုင်မည်ဟုယုံကြည်ကြောင်း ၊ နောင်အနာဂတ်တွင်လည်း ကွမ်ကျိုးမြို့နှင့် အတူ ကဏ္ဍအသီးသီး ရှိ ပူးပေါင်းဆောင်ရွက်မှုများကို ထပ်မံတစ်ဆင့် အားဖြည့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)