Connect with us

WORLD

နိုင်ငံတကာ ကပ်ရောဂါသတင်းစုစည်းချက် – အာဖရိတိုက်ရှိနိုင်ငံများ က COVID-19 ကပ်ရောဂါ ကာကွယ်ဆေးထိုးနှံမှု တွန်းအားပေးဆောင်ရွက်

ဇင်ဘာဘွေနိုင်ငံမြို့တော်တွင် ကျန်းမာရေးဆိုင်ရာဝန်ထမ်းများက ကားဂိတ်တွင် ပိုးသတ်ဆေး ဖျန်းနေသည်ကိုမြင်တွေ့ရစဉ်(ဆင်ဟွာ)

ခီဂါလီ ၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

အာဖရိကတိုက် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာ၏ ဖေဖော်ဝါရီ ၁ ရက် ထုတ်ပြန်ချက်အရ COVID-19 ရောဂါဆိုင်ရာစာရင်းပြုစုချက်တွင် အာဖရိကတိုက်၌ COVID-19 ရောဂါ ကူးစက်ခံရသူ ၃,၅၇၀,၆၅၅ ဦးရှိခဲ့ပြီး သေဆုံးသူ ၉၁,၀၅၇ ဦးရှိကြောင်း ၊ လက်ရှိချိန်တွင် အာဖရိကတိုက်ရှိ နိုင်ငံများအနေဖြင့် COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံမှုကို တွန်းအားပေးဆောင်ရွက်နေပြီး အချို့နိုင်ငံများ၏ ကပ်ရောဂါ အခြေအနေ က ပြန်လည်သက်သာလာကြောင်း ၊ အချို့နိုင်ငံများ၏ ကပ်ရောဂါအခြေအနေမှာ ပိုမိုဆိုးရွားလာကြောင်း အာဖရိကတိုက်ဒေသရှိ ဆင်ဟွာသတင်းဌာန သတင်းထောက်များ၏ သတင်းစုစည်းချက်အရ သိရှိရသည်။

အာဖရိကသမဂ္ဂ အလှည့်ကျ ဥက္ကဋ္ဌ တောင်အာဖရိကနိုင်ငံ သမ္မတ Cyril Ramaphosa က အာဖရိကသမဂ္ဂ အနေဖြင့် အာဖရိကတိုက်အတွက် COVID-19 ရောဂါကာကွယ်ဆေး အခုရေ ၁ ဘီလီယံ ရရှိအောင်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ၊ ၎င်းတို့အနက် ကာကွယ်ဆေး အခုရေ သန်း ၇၀၀ သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဦးဆောင်သည့် COVAX မှ ရရှိခဲ့ခြင်းဖြစ်ကြောင်း ဖေဖော်ဝါရီ ၁ ရက်၌ ပြောကြားခဲ့သည်။

တောင်အာဖရိကနိုင်ငံ သမ္မတ Cyril Ramaphosa က ပထမအသုတ်သော COVID-19 ရောဂါကာကွယ်ဆေး အခုရေ ၁ သန်းသည် ဖေဖော်ဝါရီ ၁ ရက်၌ တောင်အာဖရိကနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ယင်းကာကွယ်ဆေးများက ဗြိတိန်နိုင်ငံ AstraZeneca ဆေးဝါးထုတ်လုပ်မှု ကုမ္ပဏီ နှင့် အောက်စဖို့တက္ကသိုလ် တို့မှ ပူးပေါင်းတီထွင်ထုတ်လုပ်ထားသည့် ဆေးဖြစ်ကြောင်း ၊ ကာကွယ်ဆေးများအား သက်ဆိုင်ရာဌာနများသို့ ပေးပို့ပြီးနောက်တွင် ရှေ့တန်းရှိ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများကို ဦးစွားပေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ၊ မြောက်များစွာသော မတူညီသည့် ထုတ်လုပ်မှုလုပ်ငန်းများမှ ကာကွယ်ဆေးများသည် နောက်ပိုင်းတွင် ဆက်တိုက်ရောက်ရှိလာမည်ဖြစ်ကြောင်း ၊ ထို့ပြင် အမေရိကန် Johnson & Johnson ကုမ္ပဏီ နှင့် တောင်အာဖရိက ဆေးဝါးထုတ်လုပ်မှုလုပ်ငန်း အကြား သဘောတူညီချက်ရရှိခဲ့ပြီး တောင်အာဖရိက နိုင်ငံတွင် COVID-19 ရောဂါ ကာကွယ်ဆေးကို ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ၊ တောင်အာဖရိက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်လည်း ဒီဂျစ်တယ် ကာကွယ်ဆေး စာရင်းအချက်အလက်စနစ် ကို ဆောင်ရွက်ပြီးဖြစ်ကာ ပြည်သူများအနေဖြင့် လွယ်ကူစွာ စာရင်းပေးသွင်းခြင်း နှင့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မာလာဝီနိုင်ငံ သမ္မတ Lazarus Chakwera က မာလာဝီနိုင်ငံအနေဖြင့် ပထမ အသုတ်သော COVID-19 ရောဂါကာကွယ်ဆေးများကို ဖေဖော်ဝါရီ လကုန်ပိုင်းအချိန်တွင် ရရှိမည်ဖြစ်ပြီး မတ်လတွင် ကာကွယ်ဆေးထိုးနှံမည့် လုပ်ငန်းစတင်မည်ဖြစ်ကြောင်း ၊ ပထမအဆင့်အနေဖြင့် နိုင်ငံအတွင်းရှိ စုစုပေါင်း လူဦးရေ၏ ၂၀ ရာခိုင်နှုန်းကို ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ပြီး ၎င်းတို့အနက် ရှေ့တန်းရှိ ဆေးဘက်ဆိုင်ရာဝန်ထမ်း နှင့် သက်ကြီးရွယ်အို စသည်တို့ပါဝင်ကြောင်း ဇန်နဝါရီ ၃၁ ရက်၌ ပြောကြားခဲ့သည်။

ဂါနာနိုင်ငံသမ္မတ Nana Akufo-Addo ၏ ဇန်နဝါရီ ၃၁ ရက်ညပိုင်းအချိန်၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ နိုင်ငံအတွင်း ဇွန်လကုန်ချိန်မတိုင်မီ အနည်းဆုံးလူပေါင်း ၁၇.၆ သန်းကို COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ၊ ပထမအသုတ်သော COVID-19 ရောဂါကာကွယ်ဆေးများက မတ်လမတိုင်မီ ရောက်ရှိမည်ဟု ခန့်မှန်းထားပြီး အစိုးရ အနေဖြင့် ကာကွယ်ဆေး လုံခြုံမှုအာမခံချက်ရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

တောင်အာဖရိက ၊ ဇင်ဘာဘွေ နှင့် ယူဂန္ဓာ စသည့် နိုင်ငံများက လတ်တလောရက်ပိုင်းအတွင်း ကပ်ရောဂါအခြေအနေ ပြန်လည်သက်သာလာခဲ့ကြောင်းသိရှိရသည်။ တောင်အာဖရိကနိုင်ငံ သမ္မတ က တောင်အာဖရိကနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ကပ်ရောဂါ ဒုတိယလှိုင်းက တစ်ဆင့်ခြင်း ထိန်းချုပ်သွားနိုင်ခဲ့ပြီး လတ်တလောရက်ပိုင်းတွင် ရောဂါထပ်မံကူးစက်ခံရသူ သိသာစွာ ကျဆင်းလာခဲ့ကြောင်း ၊ ကပ်ရောဂါဆိုးရွားစွာ ဖြစ်ပွားချိန်တွင် နေ့စဉ် ဆေးရုံတက်ကုသရသည့် လူနာ စုစုပေါင်း ၂,၃၀၀ ကျော်ရှိခဲ့ပြီး ဇန်နဝါရီ ၂၉ ရက်အချိန်တွင် နေ့စဉ် လူပေါင်း ၂၉၅ ဦးအထိ ကျဆင်းလာခဲ့ကြောင်း ၊ ထို့ကြောင့် အစိုးရအနေဖြင့် အချို့သော ကပ်ရောဂါ ကာကွယ်ရေးဆိုင်ရာ ထိန်းချုပ်မှုများကို ဖြေလျော့မှုဆောင်ရွက်ပေးရန် ဆုံးဖြတ်ခဲ့ပြီး ညမထွက်ရအချိန်လျှော့ချခြင်း ၊ ခွင့်ပြုသည့်အချက်အလက်များအောက်တွင် ဘာသာရေးဆိုင်ရာစုဝေးမှုများဆောင်ရွက်ခြင်း ၊ ပင်လယ်ကမ်းခြေ နှင့် ဥယျာဉ်များ ပြန်လည်ဖွင့်လှစ်ခြင်း စသည်တို့ကို ခွင့်ပြုပေးခဲ့ကြောင်း ဖေဖော်ဝါရီ ၁ ရက်၌ ပြောကြားခဲ့သည်။

ဇင်ဘာဘွေနိုင်ငံတွင် ဇန်နဝါရီလဆန်းပိုင်းအချိန်မှစတင်၍ တင်းကျပ်သည့် Lockdown နှင့် ညမထွက်ရ အမိန့်ထုတ်ပြန်ကြေညာခဲ့သောကြောင့် နေ့စဉ် COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ဦးရေသည် ထိုစဉ်က တစ်ရက်လျှင် တစ်ထောင်ခန့် ရှိခဲ့ရာမှ ၃၀၀ ဝန်းကျင် အထိ ကျဆင်းလာခဲ့ကြောင်း သိရှိရသည်။

ယူဂန္ဓာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ၏ ဇန်နဝါရီ ၃၁ ရက်ထုတ်ပြန်ကြေညာချက်အရ နိုင်ငံတွင် လွန်ခဲ့သည့် နှစ်ပတ်တာ အချိန်ကာလအတွင်း၌ COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ စုစုပေါင်း ၁,၄၄၈ ဦးရှိခဲ့ပြီး ယခင်နှစ်နှစ်ကုန်ပိုင်းအချိန်နှင့် နှိုင်းယှဉ်ပါက သိသာစွာ ကျဆင်းလာခဲ့ကြောင်း သိရှိရသည်။

သို့သော အာဖရိကတိုက်ရှိ အချို့နိုင်ငံများ၏ ကပ်ရောဂါအခြေအနေ က ပိုမိုဆိုးရွားလာခဲ့သည်။ ဆီနီဂေါ နိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက်၌ COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၄၀၄ ဦးရှိခဲ့ပြီး ယင်းမှာ ဆီနီဂေါ နိုင်ငံတွင် ကာလတစ်လျှောက် တစ်ရက်အတွင်း COVID-19 ရောဂါ ထပ်မံကူးစက်ခံရမှုအများဆုံးဖြစ်ကြောင်း သိရှိရသည်။ မိုဇမ်ဘစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ၏ စာရင်းပြုစုချက်အရ ယခုနှစ်ဇန်နဝါရီလပိုင်းတွင် နိုင်ငံအတွင်းရှိ COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၊ COVID-19 ရောဂါကြောင့် သေဆုံးသူ နှင့် ဆေးရုံတက်ကုသမှုခံယူရသူ များက သိသာစွာ တိုးမြင့်လာခဲ့ကြောင်း သိရှိရသည်။ (Xinhua)