Connect with us

Culture & Entertainment

မြန်မာနိုင်ငံတွင် အစပ်အရသာရှိသော တရုတ်မာလာဟင်းလျာများ ခေတ်စားလာ

ရန်ကုန်၊ မေ ၁၀ ရက် (ဆင်ဟွာ)

အထုံနှင့် အစပ် အရသာပါသော တရုတ်အစားအစာများ သို့မဟုတ် မာလာစားသောက်ဖွယ်ရာများသည် မြန်မာနိုင်ငံတွင် လတ်တလောလူကြိုက်များလျက်ရှိသော တရုတ်အစားအစာများ များ ဖြစ်ကြောင်း စားသောက်ဆိုင်တစ်ချို့၏ ပြောကြားချက်အရ သိရသည်။“မကြာသေးမီနှစ်တွေမှာ မြန်မာနိုင်ငံအနှံ့အပြားက မြို့ကြီးတွေမှာ မာလာအစားအစာကို စားသုံးသူတွေများလာခဲ့ပါတယ်။’’ ဟု ဝိုက်မာလာရှမ်းကောနှင့်၊မာလာမောက်ချိုက် စားသောက်ဆိုင်ရှင်တစ်ဦးဖြစ်သူမနေရီဝင်းက ဆင်ဟွာသို့ပြောသည်။

မာလာဟင်းလျာထဲတွင် ထည့်မည့် အရာများကို ရွေးချယ်နေကြသည့် စားသောက်သူများကို ၂၀၂၃ ခုနှစ်၊ မေ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နာမည်ကြီးတရုတ်ပဲငံပြာရည်သို့မဟုတ် ဟင်းခတ်အမွှေးအကြိုင်ဖြစ်သော ၊မာလာ(Mala) ဆိုသည်မှာ စီချွမ်းငရုတ်ကောင်း ၊ ဟင်းခတ်အမွှေးအကြိုင်တို့ဖြင့် ချက်ပြုတ်ထားခြင်းဖြစ်သည်။ မာလာရှမ်းကော၊ ဟင်းရည်ပါသောက်လို့ရသည့် မာမလာမောက်ချိုက်၊ မာလာထန်း၊ မာလာတုတ်ထိုး၊ မာလာငါးကင်တို့က မြန်မာနိုင်ငံအနှံ့အပြားတွင် ရေပန်းစားလျက်ရှိကြောင်း စားသောက်ဆိုင်ပိုင်ရှင်တစ်ချို့က ပြောကြားချက်အရ သိရသည်။

မာလာဟင်းလျာထဲတွင် ထည့်မည့် အရာများကို ရွေးချယ်နေကြသည့် စားသောက်သူများကို ၂၀၂၃ ခုနှစ်၊ မေ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“မာလာအစားအစာကို ကြိုက်နှစ်သက်သူများလာတဲ့အတွက် မာလာအစားအစာဆိုင်ကို ကျွန်မအနေနဲ့ လွန်ခဲ့တဲ့ ၈ လလောက်က ဖွင့်ဖြစ်ခဲ့တာပါ။ ကျွန်မရဲ့ဆိုင်က မာလာရှမ်းကောနဲ့ မာလာမောက်ချိုက် ကို အဓိကဟင်းလျာအနေနဲ့ ရောင်းချဖြစ်ပါတယ်’’ ဟု မနေရီဝင်းက ပြောသည်။

တရုတ်လူမျိုးမဟုတ်သည့် စားသောက်သူ ၁၀၀ နီးပါးမှာ၎င်း၏ ဝိုက် မာလာရှမ်းကောနှင့် မာလာမောက်ချိုက်ဆိုင်သို့ နေ့စဉ် လာရောက်စားသောက်လေ့ရှိပြီး အများစုမှာ အမျိုးသမီးများဖြစ်ကြောင်း မနေရီဝင်းကဆိုသည်။

ရန်ကုန်မြို့တွင် မာလာဟင်းလျာရောင်းချသည့် ဆိုင်တစ်ဆိုင်တွင် မာလာဟင်းပွဲပြင်ဆင်နေမှု အား ၂၀၂၃ ခုနှစ်၊ မေ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့၏ နေရာအနှံ့အပြားတွင် လွန်ခဲ့သည့် တစ်နှစ်၊နှစ်နှစ်အတွင်း မာလာအစားအစာ ရောင်းချသည့် စားသောက်ဆိုင်များ အများအပြားဖွင့်လှစ်လာကြကြောင်း သိရသည်။ တရုတ်အစားအစာများဖြစ်သော ပေါက်စီနှင့် ဝက်သားတုတ်ထိုးကဲ့သို့သော တရုတ်အစားအစားများသည် မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်များစွာအကြာကတည်းက အခိုင်အမာ နေရာရရှိပြီးဖြစ်ကြောင်း သိရသည်။

“ဒီမှာရှိတဲ့ မာလာစားသောက်ဆိုင်အားလုံးမှာ စားသောက်သူတွေအမြဲရှိတယ်။ ဒီတရုတ်တန်းမှာရောင်းတဲ့မာလာစားသောက်ဆိုင်တွေက ရန်ကုန်မြို့ရဲ့ တခြားမြို့နယ်တွေမှာလည်း ဆိုင်ခွဲတွေရှိတယ်” ဟု ရန်ကုန်မြို့ တရုတ်တန်းရှိ နန်းနီမာလာ မောက်ချိုက်၊ မာလာဒုတ်ထိုး စားသောက်ဆိုင်ပိုင်ရှင် မနန်းနွယ်ဦးက ဆင်ဟွာသို့ ပြောသည်။

မာလာဟင်းလျာထဲတွင် ထည့်မည့် အရာများကို ရွေးချယ်နေကြသည့် စားသောက်သူများကို ၂၀၂၃ ခုနှစ်၊ မေ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်မာလာဟင်းပွဲများ ရောင်းချသည့် စားသောက်ဆိုင်များနှင့် လမ်းဘေးမာလာအစားအစာဆိုင်များသည် လွန်ခဲ့သည့် နှစ်နှစ်အတွင်း ရန်ကုန်မြို့ တရုတ်တန်းတစ်နေရာထဲတွင်ပင် ဆိုင်ပေါင်း ၂၀ ကျော်အထိ များပြားလာကြောင်း ယင်းနေရာတွင် နေထိုင်သူများ၏ ပြောကြားချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် လက်ရှိတရုတ်စားသောက်ဆိုင်အများစုမှာ မာလာအစားအစာများဖြင့် ၎င်းတို့၏ စားသောက်ဖွယ်ရာမီနူးများကို မွမ်းမံပြင်ဆင်လျက်ရှိပြီး အချို့သော ဈေးဝယ်စင်တာများနှင့် စတိုးဆိုင်များတွင် အသင့်ချက်ပြုတ်နိုင်သော မာလာအနှစ်ထပ်များ ကို ရောင်းချလျက်ရှိကြောင်း စားသောက်ဆိုင်လုပ်ငန်းရှင်များက ပြောသည်။

“လွန်ခဲ့တဲ့လအနည်းငယ်က ကျွန်တော်တို့ရဲ့စားသောက်ဆိုင်မှာ မာလာဟင်းလျာတွေကို စတင်ရောင်းချခဲ့ပါတယ်’’ ဟု ရန်ကုန်မြို့ တရုတ်တန်းရှိ ရှမ်းအစားအစာများ၊ တရုတ်အစားအစာများနှင့် ထိုင်းအစားအစာများ ရောင်းချနေသည့် Arr Mei Food Station မှ ဝန်ထမ်းတစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။
ပြည်တွင်းရှိ မလာဟင်းလျာများကို အချိန်နှင့်အမျှ စားသုံးသူဦးရေ တိုးလာသဖြင့် ရန်ကုန်မြို့နှင့် တောင်ကြီးမြို့ အခြားနေရာများတွင် စားသောက်ဆိုင်အချို့ ဖွင့်လှစ်ထားကြောင်း စဉ့်အိုးတန်းလမ်းရှိ စားသောက်ဆိုင် ပိုင်ရှင်အချို့က ပြောသည်။

ရန်ကုန်မြို့တွင် မာလာဟင်းလျာရောင်းချသည့် ဆိုင်တစ်ဆိုင်တွင် မာလာဟင်းပွဲပြင်ဆင်နေမှု အား ၂၀၂၃ ခုနှစ်၊ မေ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့ခံတစ်ဦးဖြစ်သော အသက် ၃၁ နှစ်အရွယ် မဖြူဖြူခင်က “မာလာရှမ်းကော ကို လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ပထမဆုံးစားဖူးတယ်။ အဲဒီကတည်းက ကျွန်မရဲ့ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ လစဉ်နီးပါး သွားစားဖြစ်ခဲ့ပါတယ်’’ ဟု ဆင်ဟွာကိုပြောသည်။

“ကျွန်မကတော့ မာလာရှမ်းကောရဲ့ စပ်ပြီး ငန်တဲ့ အရသာကို ကြိုက်တယ်” လို့ ၎င်းကဆိုသည်။မာလာရှမ်းကော တွင် ကြက်သား၊ ဝက်သား၊ အမဲသား၊ မျှစ်နှင့် ပဲလိပ်ကဲ့သို့သော အသားနှင့် ဟင်းသီးဟင်းရွက်များကို ရောနှောမွှေကြော်ကာ ထားခြင်းဖြစ်သည်။“မာလာရှမ်းကောက သူငယ်ချင်းတွေ၊ မိသားစုတွေ နဲ့ လူများများနဲ့စားတာက ပိုသင့်တော်ပါတယ်’’ ဟုမဖြူဖြူခင်ကဆိုသည်။

“လူများများနဲ့ အတူတူစားရင် ဈေးမကြီးဘူး။ ဒါကြောင့် ဈေးနှုန်းအနေနဲ့များပေမယ့် လူအများစုက မကြာခဏစားနိုင်ကြတယ်။ ကျွန်မနဲ့ ကျွန်မသူငယ်ချင်းတွေဆိုရင် အပြင်ထွက်ကြတဲ့အခါတိုင်း မာလာအစားအစာကို စားဖို့ ရွေးချယ်ဖြစ်ပါတယ်’’ ဟု ၎င်းကပြောသည်။

ဈေးနှုန်းအနေဖြင့် မာလာရှမ်းကော ပွဲသေးတစ်ပွဲလျှင် ၆,၀၀၀ ကျပ်၊ ပွဲကြီးတစ်ပွဲလျှင် ၈,၀၀၀ ကျပ် ရှိပြီး ပါဝင်သော အရာများနှင့် စားသောက်ဆိုင်ပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုရှိကြောင်း ၎င်းကဆိုသည်။
မဖြူဖြူခင်က ၎င်းအနေဖြင့် ရံဖန်ရံခါတွင် မာလာရှမ်းကောကို အိမ် သို့မဟုတ် ရုံးတွင် အော်ဒါမှာ၍ စားသောက်လေ့ရှိကြောင်းဆိုသည်။ ယင်းမှာ ခေတ်ရေစီးကြောင်းဖြစ်ကြောင်း၊ အချို့သော အောင်မြင်ကျော်ကြားသည့် အနုပညာရှင်များသည် စပ်သောအရသာရှိသည့် မာလာရှမ်းကောကို ဆိုရှယ်မီဒီယာပလက်ဖောင်းမှတစ်ဆင့် ယှဉ်ပြိုင်စားသောက်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။“ဒါကတရုတ်အစားအစာတွေ မြန်မာပြည်သူတွေကြားမှာ ပျံ့နှံ့နေတဲ့ သင်္ကေတ တစ်ခုပါပဲဟု’’ ဒေသခံတစ်ဦးကပြောသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.