Connect with us

Education & Health

ရာသီတုပ်ကွေးဖြစ်ပွားသူ ၁၁၀ ဦးရှိပြီး ၁၄ ဦးသေဆုံး

ရာသီ တုပ်ကွေး ရောဂါပိုးကြောင့် နှာခေါင်းစည်း အုပ်၍ သွားလာနေသည့် ရန်ကုန်မြို့နေ ပြည်သူလူထုများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်။ သြဂုတ် ၃ ရက် (ဆင်ဟွာ)

ရာသီ တုပ်ကွေး ရောဂါ Seasonal Influenza A(H1N1)pdm09ဖြစ်ပွားသူ ၁၁၀ဦးရှိပြီး သေဆုံးသူ ၁၄ဦးထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။

အဆိုပါ ရောဂါနှင့် ပတ်သက်ပြီး ဇူလိုင်လ(၂၁) ရက်နေ့မှ ယနေ့ထိ လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါဖြင့်ဆေးရုံတက်ရောက်ကုသသူစုစုပေါင်းလူနာ (၃၀၅) ဦးရှိခဲ့ရာ ၎င်းတို့အနက် H1N1 ပိုးတွေ့လူနာ စုစုပေါင်း (၁၁၀) ဦးရှိကြောင်း သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ သြဂုတ်လ ၁ရက်နေ့တွင် စတင်တက်ရောက်ခဲ့သော အမျိုးသမီး လူနာ (၁) ဦးသည် သြဂုတ်လ(၂) ရက်နေ့တွင် သေဆုံးခဲ့ပြီး ယနေ့အထိ တစ်နိုင်ငံလုံး၌ စုစုပေါင်းသေဆုံးသူ (၁၄) ဦးရှိသဖြင့် ဆေးရုံတက်ရောက်သူများတွင် သေဆုံးမှုနှုန်းမှာ (၄.၆) ရာခိုင်နှုန်းရှိကြောင်း သိရသည်။

သြဂုတ်လ(၂)ရက် နေ့လည် ၂နာရီမှသြဂုတ်လ (၃)ရက်နေ့လည် ၂နာရီအထိ သံသယလူနာ (၂၁) ဦးအား ဓာတ်ခွဲစမ်းသပ် စစ်ဆေးခဲ့ရာ H1N1 ပိုးတွေ့လူနာ (၁၁) ဦး ထပ်မံ တွေ့ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အထူးကုဆေးရုံကြီး (ဝေဘာဂီ) တွင် H1N1 ပိုးတွေ့ အတွင်းလူနာ (၂၆) ဦးနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ် ဆေးရုံကြီးများတွင် H1N1 ပိုးတွေ့ အတွင်းလူနာ (၃၇) ဦး၊ စုစုပေါင်း (၆၃) ဦး ဆက်လက် ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်းနှင့် ယနေ့အထိ ဆေးရုံတက်ရောက်ကုသရသော H1N1 ပိုးတွေ့ အတွင်းလူနာများအနက် ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းလူနာ (၂၈) ဦးရှိခဲ့ကြောင်း သိရသည်။

ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရောဂါဖြစ်ပွားမှုနှုန်းအများဆုံး ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးရှိ အင်းစိန်၊ လှိုင်သာယာ၊ ဒဂုံမြို့သစ် (တောင်ပိုင်း) ၊ ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်၊ ညောင်တုန်း၊ ပဲခူးတိုင်းဒေသကြီးရှိ ပဲခူးမြို့နယ် တို့တွင် တုံ့ပြန်ဆောင်ရွက် ခြင်းလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် H1N1 ပိုးတွေ့ကြောင်း စတင်သတင်းရရှိခဲ့သည့် ဇူလိုင်(၂၄)ရက်နေ့မှစ၍ ပိုးတွေ့ လူနာများ၏အိမ်သို့ ကျန်းမာရေးဝန်ထမ်းများနှင့် အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရေးအဖွဲ့ (Rapid Response Team) များ သွားရောက်ပြီး ကျန်းမာရေးပညာပေးခြင်း၊ လူနာအိမ်နှင့် အနီးပတ်ဝန်းကျင်အိမ်များတွင် ဖျားနာလူနာများ ရှိမရှိ စုံစမ်းထောက်လှမ်းခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117