Connect with us

Education & Health

မြန်မာနိုင်ငံတွင် စိတ်ကျရောဂါသည် တတိယအဖြစ်အများဆုံး စိတ်ကျရောဂါဖြစ်နေ

ကျန်းမာရေးနှင့် အားကစား ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီးကိုယ်စား ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းဝင်း အဖွင့်အမှာစကား ပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် စိတ်ကျရောဂါသည် စိတ်ရောဂါများအနက် တတိယ အများဆုံး ဖြစ်ပွားနေ သည့် ရောဂါဖြစ်ပြီး လူဦးရေ သုံးသိန်းခန့်ရောဂါခံစားနေရသည်ဟု ကျန်းမာရေးနှင့် အား ကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးကိုယ်စား ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

“မြန်မာနိုင်ငံမှာ စိတ်ကျရောဂါဟာ စိတ်ရောဂါတွေထဲမှာ တတိယ အများဆုံး ဖြစ်ပြီး လူ တစ်ထောင်မှာ ၅ ဒသမ ၇ ယောက်နှုန်း ဖြစ်ပွားကာ လူဦးရေ သုံးသိန်းခန့်ရောဂါ ခံစားနေကြရ ပါတယ်၊ မဖော်ထုတ်နိုင်တဲ့ ရောဂါသည်များစွာလည်း ကျန်ရှိနေနိုင်ကြောင်း သုတေသန ပြုချက်တွေအရ သိရပါတယ်” ဟု နေပြည်တော် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတွင် ယနေ့ပြုလုပ်ခဲ့သည့် (၆၉) နှစ်မြောက် ကမ္ဘာ့ကျန်းမာရေးနေ့အခမ်းအနား၌ ၎င်းက ပြောခဲ့ သည်။

လက်ရှိ အခြေအနေ၌ ကမ္ဘာတစ်ဝန်းလုံးတွင် စိတ်ကျရောဂါ ခံစားနေရသူပေါင်း ၃၂၂ သန်းရှိပြီး အရှေ့တောင်အာရှတွင် ၈၆ သန်း ရှိကြောင်း၊ ၂၀၀၅ ခုနှစ်မှ ၂၀၁၅ ခုနှစ် ဆယ်နှစ်တာအတွင်း စိတ်ကျရောဂါ ဝေဒနာရှင် ဦးရေ ၁၈ ရာခိုင်နှုန်းကျော် မြင့်တက် လာခဲ့ကြောင်း၊ လူဦးရေ ရှစ်သိန်းနီးပါးခန့်က မိမိကိုယ်ကို အဆုံးစီရင်လျက်ရှိကြောင်း လည်း ၎င်းက ပြောခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးနေ့ အခမ်းအနားတွင် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ဌာနေ ကိုယ်စားလှယ် Dr. Stephan Paul Jost က ပြောကြားစဉ် (ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေးနေ့ အခမ်းအနား ပြခန်းများတွင် ညွှန်ာကားရေးမှူးချုပ်နှင့် တက်ရောက်လာသူများ လှည့်လည်ကြည့်ရှုကြစဉ် (ဆင်ဟွာ)

“စိတ်ကျရောဂါ အဖြစ်များလာရတဲ့ အကြောင်းရင်းတွေမှာ ပြည်သူတွေ စိတ်ကျန်းမာရေး နဲ့ပတ်သက်တဲ့ ဗဟုသုတ နည်းပါးတာ၊ ဒီရောဂါပဲလို့ သတိထားမိရင်တောင် ကိုယ်တိုင်က မိသားစုတွေက လက်မခံနိုင်တာ၊ ရောဂါလို့လက်ခံရင်လည်း မီးယပ်ရောဂါ၊ အတက်ရောဂါ တွေလို တခြားရောဂါတွေနဲ့ ရောထွေးပြီး ကုသမှုခံယူတာတွေကြောင့် မှန်ကန်တဲ့ ကုသမှု မရကြတာတွေ တွေ့ရပါတယ်၊ စိတ်နဲ့ပတ်သက်တဲ့ ရောဂါ ဆိုတာနဲ့ ခွဲခြား ဆက်ဆံ ခံရတာတွေလည်း ရှိနေကြသေးတယ်” ဟုလည်း ၎င်းက တင်ပြခဲ့သည်။

ထို့အပြင် ၎င်းက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ပြောကြားသကဲ့သို့ ကျန်းမာရေးကို အိမ်တွင်းက စတင်ကြရန်၊ အိမ်တိုင်း မိသားစုတိုင်းက ကျန်းမာရေး အသိ ရှိကြရန်နှင့် “စိတ်ကျ ဝေဒနာ၊ ပြောဆို တိုင်ပင် ဆွေးနွေးပါ” ဟူသည့် ကမ္ဘာ့ကျန်းမာရေးနေ့ဆောင်ပုဒ်နှင့်အညီ ပြည်သူ အားလုံး ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့လွှတ်တော်များမှ ကျန်းမာရေး ကော်မတီ ဥက္ကဋ္ဌများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌ၊ စေတနာ့ ဝန်ထမ်း အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များနှင့်အတူ WHO မှ Dr. Stephen Paul Jost နှင့် ဌာနေ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး Dr. Stephen Paul Jost က WHO ၏ အရှေ့တောင်အာရှဒေသ ဆိုင်ရာ ညွှန်ကြားရေးမှူးထံမှသဝဏ်လွှာကို ဖတ်ကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.