Connect with us

Environment, Disasters & Accidents

ဇွန် ၁၀ ရက်တွင် တစ်နိုင်ငံလုံးသို့မုတ်သုံဝင်ရောက်ခဲ့၊  မိုးဦးကာလသို့ရောက်ရှိပြီဟုဆို

မိုးရွာသွန်းစဉ် ထီးဖြင့် သွားလာနေသူအချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) 

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း ၏ အရှိန်ကြောင့် အနောက်တောင်မုတ်သုံလေသည် တစ်နိုင်ငံလုံးသို့ ဇွန် ၁၀ ရက် တွင် စတင် ဝင်ရောက်ခဲ့ပြီး မိုးဦးကာလကို ရောက်ရှိပြီဖြစ်ကြောင်း၊ မုတ်သုံဝင်ရောက် သော်လည်း မုတ်သုံညံ့နေသေးကြောင်း၊ မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောသည်။

၄င်းက “လေဖိအားနည်းရပ်ဝန်းဟာ မုတ်သုံ ကိုဆွဲခေါ်လာခဲ့တာ။ မနေ့က တော့ မုတ်သုံဝင်တဲ့ အနေအထားမျိုးရှိပါတယ်။  မုတ်သုံဝင်သွားပြီဖြစ်တဲ့ အတွက် မိုးဦးကာလဖြစ်သွားပြီ။ တစ်နိုင်ငံလုံး မိုးဦးကာလ ရောက်ပြီ။ မုတ်သုံနောက်ကျတော့ မိုးဦးကာလ သိပ်မရှည်နိုင်ဘူး။’’ ဟုယနေ့ ဇွန် ၁၁ ရက်တွင် ဆင်ဟွာသို့ ပြောသည်။

မုတ်သုံဝင်စောဝင်သည့် မြန်မာနိုင်ငံတောင်ပိုင်းတွင်လည်း မိုးသုံအားပျော့သည့် အတွက် မိုးနည်းလျက်ရှိကြောင်း သိရသည်။ ဘင်္ဂလား ပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက် တည်ရှိနေပြီး မုန်တိုင်းငယ်ဖြစ်ရန်အလားအလာနည်းကြောင်း ဆိုသည်။

“နောက်(၂)ရက်အတွင်းမှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် မိုးပိုလာနိုင်ပါတယ်’’ ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။ ယခုရက်ပိုင်းအတွင်း နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီးတွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာ နမှ သိရသည်။  ၂၀၁၉ ခုနှစ် တွင် ဇွန် လ ဆန်း ၌ တစ်နိုင်ငံလုံးသို့ မုတ်သုံဝင်ရောက်ခဲ့ကြောင်း သိရသည်။(Xinhua)