Connect with us

Environment, Disasters & Accidents

မုန်တိုင်း စက်ကွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ဝင်ရောက်နေပြီး မိုးသက်လေပြင်း တိုက်ခတ်နိုင်ကြောင်း မိုး/ဇလ ပညာရှင် ဦးထွန်းလွင် ပြော

ရခိုင်ပြည်နယ်သို့ဖြတ်သန်းနေသည့် အားကောင်းသည့် မိုးတိမ်တိုက်ကြီးတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-U Tun Lwin Facebook)

ရန်ကုန် ၊ မေ ၂၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်(မြောက်ပိုင်း)သို့ဆိုင်ကလုန်း မုန်တိုင်းသည် မုန်တိုင်း စက်ကွင်းအဖြစ် ဝင်ရောက်နေပြီ ဖြစ်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ယနေ့မေလ ၂၁ ရက်တွင် ဆင်ဟွာသို့ပြောသည်။

“မုန်တိုင်း ဝင်တာကတော့ ရခိုင်ပြည်နယ်ကို အဖျားခတ်နေပါပြီ။ မုန်တိုင်း ဗဟိုချက်ကတော့ ဘင်္ဂလားဒေ့ရှ်မှာပါ။ မုန်တိုင်းရဲ့ တိမ်စွယ်တန်းကတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းကို ဖြတ်နေပါပြီ။

မြန်မာပြည်ထဲကို မုန်တိုင်း စက်ကွင်း ဝင်နေပြီလို့ပြောလို့ရပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ် မောင်တောမှာ မုန်တိုင်း စက်ကွင်း ဝင်နေတဲ့ အတွက် လေထုဖိအား ကျနေပါပြီ။ မိုးတွေ ရွာနေပြီ။

မိုးရေချိန်က ၅ လက်မ ၊ ၆ လက်မ လောက် ရှိနေပါတယ်။ ရခိုင်ပြည်နယ် တစ်ခုလုံး မိုးရွာပါတယ် ”ဟု မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောသည်။

ယခုအချိန်တွင် ရခိုင်ပြည်နယ်သို့ အားကောင်းသည့် မိုးတိမ်တိုက်ကြီးတစ်ခု ဖြတ်သန်းနေပြီး ရခိုင်မြောက်ပိုင်း ကျောက်တော်၊ မောင်တော၊ ကျောက်ဖြူ၊ စစ်တွေဒေသ တို့တွင် မိုးကြီး၍ မိုးသက်လေပြင်းပါ တိုက်ခတ်နိုင်ကြောင်း မိုးလေဝသ ပညာရှင် ဦးထွန်းလွင်က သတိပေးထားသည်။

ယခု လက်ရှိ အချိန်တွင် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “ရွန်နူ” (ROANU) သည် အားလျော့ကျလာနေပြီး ဘင်္ဂလားဒေ့နိုင်ငံကမ်းခြေ အလယ်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသသို့စတင် ကုန်းတစ်ဝက် ဝင်ရောက် နေကြောင်း ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကုန်းတွင်းကို ညနေပိုင်းတွင် ဖြတ်ကျော် ဝင်ရောက်၍ ညပိုင်း အချိန်တွင် အားပျော့ပျက်ပြယ် သွားလိမ့်မည်ဟု ဒေါက်တာ ထွန်းလွင်က ခန့်မှန်းထားသည်။

ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် (မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် စစ်ကိုင်း တိုင်းဒေသကြီးတို့ကို ကုန်းတွင်း မုန်တိုင်းငယ် အဖြစ် ဖြတ်ကျော် ဝင်ရောက်မည်ဟု ခန့်မှန်းထားပြီး လက်ရှိအခြေအနေကို အနီရောင်အဆင့်ဟု သတ်မှတ်ထားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန် လိုက်သည်။

မုန်တိုင်း လက်ရှိ အခြေအနေနှင့် ပတ်သက်၍ “ခုချိန်ထိ မြောက်ဦးနဲ့ကျောက်တော်ဘက်မှာ မိုးက အဆက်မပြတ် ရွာနေတုန်းပဲ။၁၈ ရက်နေ့ထဲက စပြီးရွာနေတာပါ။လေပြင်းလည်း မကြာခဏတော့ တိုက်တယ်”ဟု ရခိုင်ပြည်နယ် မြောက်ဦး ဒေသခံ တစ်ဦးက ယနေ့မေလ ၂၁ ရက်တွင် ပြောသည်။

ဆိုင်ကလုန်း မုန်တိုင်းသည် ယနေ့မနက် ၉ နာရီခွဲ အချိန် တိုင်းတွာချက်များ အရ နောက် (၁၂) နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းကမ်း‌ခြေသို့ဖြတ်ကျော်စဉ် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုင် (၅၀) မှ မိုင်(၆၀)ခန့်၊ မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း ၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး တို့တွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ မိုင် (၄၀) မှ (၄၅) မိုင်ခန့် တိုက်ခတ် နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ခန့်မှန်းထားကြောင်း သိရသည်။ (Xinhua)