Connect with us

Environment, Disasters & Accidents

မော်ချီး မြေပြိုမှုကြောင့် မြေပိ သေဆုံးသူ ၁၇ ဦးထိ ရှိလာဟု ကယားပြည်နယ် အစိုးရဆို

ကယားပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးဒေသတွင် မြေပြိုမှုကြောင့် နေအိမ်များ ပြိုကျ ပျက်စီး နေစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

ကယားပြည်နယ်၊ ဘော်လခဲ ခရိုင်၊ ဖားဆောင်းမြို့နယ် မော်ချီးကျေးရွာ အုပ်စုတွင် မိုးအဆက်မပြတ် ရွာသွန်းကာ မြေပြိုမှုကြောင့် မြေပိသေဆုံးသူ ၁၇ ဦးထိရှိလာကြောင်း ကယားပြည်နယ် အစိုးရ အဖွဲ့ထံမှ စုံစမ်း သိရှိရသည်။

မော်ချီး တောင်ပေါ် ကျေးရွာနှင့် လိုခါးလို ကျေးရွာကြား အောက်တိုဘာ ၁၁ ရက်နေ့တွင် မြေပြိုမှု ဖြစ်ပွားပြီး ယနေ့ထိ ကယ်ဆယ်ရေးများ ပြုလုပ်နေစဉ် သေဆုံးသူများ တိုးလာကြောင်း ကယားပြည်နယ် အစိုးရအဖွဲ့မှ တာဝန် ရှိသူ တစ်ဦးက ဆိုသည်။

အဆိုပါ မြေပြိုကျမှုကြောင့် အောက်တိုဘာ ၁၂ ရက်နေ့တွင် ပြန်ကြားရေး ဝန်ကြီးဌာနကမှ သေဆုံးသူ လူ ၈ ဦးရှိခဲ့သည်ဟု ထုတ်ပြန်ခဲ့သော်လည်း ယနေ့တွင် ၁၇ ဦးထိ ရှိလာပြီး ပျောက်ဆုံးသူများလည်း ရှိကြောင်း ၎င်းက ဆိုသည်။

လိုခါးလို ကျေးရွာ ဘုရားကျောင်းနှင့် စာသင်ကျောင်းတွင် ယာယီကယ် ဆယ်ရေး စခန်းဖွင့်ကာ ဒေသခံ ၆၀၀ ခန့် အား ကူညီ စောင့်ရှောက်ထား ကြောင်းသိရသည်။

ယင်း မြေပြိုမှုကြောင့် မော်ချီး ၁၃ ကုန်း ရပ်ကွက်တွင် ၂ ဦးသေဆုံး ၂ ဦးပျောက်ဆုံး၊ တောင်ပေါ် ရပ်ကွက်တွင် ၅ ဦး ဒဏ်ရာ ရရှိပြီး ၂ ဦး ပျောက်ဆုံး၊ အောင်ချမ်းသာ ရပ်ကွက်တွင် တစ်ဦး သေဆုံး တစ်ဦး ဒဏ်ရာရှိကာ ၄ ဦး ပျောက်ဆုံး နေကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက အောက်တိုဘာလ ၁၂ ရက်တွင် သတင်း ထုတ်ပြန် ထားသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117