Connect with us

Environment, Disasters & Accidents

ရန်ကုန်-မန္တလေး အမြန်စာပို့ရထား များနှင့် မော်လမြိုင်ရထားများ ပြေးဆွဲမှုကို ယာယီ ရပ်ဆိုင်းထား

ရထားတစ်စီးအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှု ကြောင့် ရန်ကုန်-မန္တလေး အမြန်စာပို့ရထား များနှင့် မော်လမြိုင်ရထားများ ရထားလမ်းပိုင်း ရေကျော်ခဲ့သဖြင့် ရထားပြေးဆွဲမှုကို ယာယီ ရပ်ဆိုင်းထားရကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ပဲခူးတိုင်း ဒေသကြီး ပဲခူးဘူတာဝင်း ၁ နေရာ၊ ပဲခူးနှင့် ရွှေလှေကြား မိုင်တိုင်အမှတ် ၄၈/၈-၁၃ ကြား၊ မိုင်တိုင်အမှတ် ၅ဝ/၃-၁ဝကြား၊ မိုင်တိုင်အမှတ် ၄၆/၁၇-၁၈ အစုန်လမ်းနှင့် အဆန်လမ်းနေရာ သုံးနေရာတို့တွင် သံလမ်း အထက် အများဆုံး ၁၁ လက်မအထိ ရေကျော် နေခြင်း၊ ဘုရားသုံးဆူနှင့် တာဝကြား မိုင်တိုင် အမှတ် ၄၁/၁၂- ၁၅ ကြား၊ မိုင်တိုင်အမှတ် ၄၁/၂ဝ- ၄၂/၄ ကြား၊ မိုင်တိုင်အမှတ် ၄ဝ/ ၅-၁၈ ကြားတို့ရှိ အစုန်၊ အဆန်လမ်းနေရာ သုံးနေရာတို့တွင်လည်း အများဆုံး သံလမ်း အထက် ၁၄ လက်မအထိ ရေကျော်နေခြင်းတို့ ကြောင့် ဇူလိုင် ၂၇ ရက် မွန်းတည့် ၁၂ နာရီ မှစ၍ အစုန်၊ အဆန်ရထားလမ်းပိုင်းများအား ယာယီပိတ်ထားခဲ့ရကြောင်း သိရသည်။

ထိုကဲ့သို့ ရထားလမ်းပိုင်းများ ရေကျော် သဖြင့် ရန်ကုန်ဘူတာကြီးမှ ဇူလိုင် ၂၇ ရက် တွင် ထွက်ခွာပေးရမည့် ရထားများဖြစ်သည့် အမှတ် ၉ အဆန်(ရန်ကုန်-သာစည်)၊ ၅ အဆန်နှင့် ၃ အဆန် (ရန်ကုန်-မန္တလေး)၊ ၇ အဆန် (ရန်ကုန်-နေပြည်တော်) နှင့် ဇူလိုင် ၂၈ ရက် နံနက်ပိုင်းတွင် ထွက်ခွာမည့် ၁ အဆန်၊ ၁၁ အဆန်၊ ၃၁ အဆန်၊ ၉အဆန် ရထားများ ပြေးဆွဲမှုကိုလည်း ယာယီရပ်နား ထားမည်ဖြစ်ပြီး ရထားစီးခရီးသည်များ ဝယ်ယူထားသည့် ရထားလက်မှတ်ခများကို မြန်မာ့မီးရထားမှ ပြန်အမ်းပေးလျက်ရှိ ကြောင်း သိရသည်။

မန္တလေး၊ သာစည်နှင့် နေပြည်တော်ဘူတာ များမှ ရထားတွဲဆိုင်းများဖြစ်သော အမှတ် ၆ အစုန်၊ ၄ အစုန်၊ ၁ဝ အစုန်၊ ၈ အစုန်၊ ၁၂ အစုန်၊ ၂ အစုန်၊ ၃၂ အစုန် ရထားတွဲဆိုင်း များကို ဇူလိုင် ၂၇ ရက်မှစတင်၍ ယာယီ ရပ်နားထားခဲ့ပြီး အလားတူ မွန်ပြည်နယ် အတွင်း၌လည်း မိုးသည်းထန်စွာသွန်းမှု ကြောင့် နှင်းပုလဲ-ဒုံဝန်းကြား မိုင်တိုင်အမှတ် ၁၁၈/၂ဝ မှ ၁၁၉/ ၁၆ အထိ ရထားသံလမ်း ပေါ် ရေကျော်ခဲ့၍ အလျား ပေ ၁ဝဝ၊ အနက် သုံးပေခန့်အထိ ရေတိုက်စားခဲ့သောကြောင့် ဇူလိုင် ၂၇ ရက် နံနက် ၁၁ နာရီ ၁၆ မိနစ်မှစတင်၍ ဒုံဝန်း-နှင်းပုလဲရထားလမ်းပိုင်း ပိတ်ဆို့သွားခဲ့ရကြောင်းသိရပြီး မွန်ပြည်နယ် ကိုသွားသည့် ရထားလမ်းပိုင်းပိတ်သွားခဲ့သဖြင့် ရန်ကုန်ဘူတာကြီးမှ ထွက်ခွာမည့် အမှတ် ၃၅ အဆန်နှင့် ၈၉ အဆန်ရထားများနှင့် မော်လမြိုင်ဘူတာမှ ထွက်ခွာမည့်အမှတ် ၃၆ အစုန်နှင့် ၉ဝ အစုန်ရထားများကိုလည်းကောင်း၊ ထားဝယ်ဘူတာအထိ ပြေးဆွဲသည့် အမှတ် ၁၇၅ အဆန်/၁၇၆ အစုန် ရထားများကို လည်းကောင်း ယာယီဖျက်သိမ်းထားရကြောင်း သိရသည်။

ရန်ကုန်-မန္တလေးလမ်း ရထားပြေးဆွဲမှု နောက်ဆက်တွဲသတင်းအရ ပဲခူး-ရွှေလှေ ကြားနှင့် တာဝ-ဘုရားသုံးဆူကြား ရထား လမ်းပိုင်း ရေကျော်ခဲ့သဖြင့် ရန်ကုန်-မန္တလေး လမ်းပိုင်း ရထားပြေးဆွဲမှုကို ဇူလိုင် ၂၇ ရက် နေ့လယ်ပိုင်းတွင် ရပ်နားထားခဲ့ပြီး ပဲခူး အထက်ပိုင်းရှိ ခရီးသွားပြည်သူများ သွားလာ မှု လွယ်ကူစေရေးနှင့် ရထားလမ်းကြောင်း ပြတ်တောက်မှုမရှိရန်အတွက် ဇူလိုင် ၂၈ ရက်တွင် ပြွှန်တန်ဆာဘူတာ၌ ရပ်နားထားသော အမှတ် ၁၂ အစုန်ရထားတွဲဆိုင်းအား အမှတ် ၁၁ အဆန်ရထား တွဲဆိုင်းအဖြစ် မန္တလေးသို့ စေလွှတ်ပေးခဲ့ပြီး မန္တလေးဘူတာ မှလည်း အမှတ် ၁၂ အစုန်ရထား တွဲဆိုင်းအဖြစ် ဘုရားကြီးဘူတာအထိ ပြေးဆွဲပေးရန် စီစဉ် ထားရှိခဲ့ကာ လက်မှတ်များကို ဒိုက်ဦးဘူတာ အထိသာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဘုရားကြီးဘူတာသည် ကားလမ်းဆုံ နေရာ၌ တည်ရှိသဖြင့် ပဲခူးနှင့် ဝေါမြို့သို့ သွားရောက်မည့် ခရီးသည်များအတွက် လည်း အဆင်ပြေနိုင်သကဲ့သို့ ရန်ကုန်မြို့သို့ လာမည့် ခရီးသည်များအတွက်လည်း ဘုရားကြီး ဘူတာမှတစ်ဆင့် အမြန်လမ်းပေါ် သို့တက်ပြီး ရန်ကုန်မြို့သို့ လာရောက်နိုင်ကြ မည်ဖြစ်သည်။

ထို့အပြင် ခရီးသွားလာမှုလမ်းကြောင်း မပြတ်တောက်စေရေးအတွက် ပဲခူး-တောင်ငူ ကြား အမှတ် ၁၉ အဆန်/၂ဝ အစုန် လော်ကယ်ရထား၊ တောင်ငူ-သာစည်ကြား အမှတ် ၂၁ အဆန်/၂၂ အစုန်လော်ကယ် ရထားနှင့် သာစည်-မြို့ဟောင်းကြား အမှတ် ၂၃ အဆန်/၂၄ အစုန်လော်ကယ်ရထား များကို ဇူလိုင် ၂၈ ရက်မှစတင်၍ ပုံမှန် ပြေးဆွဲပေးလျက်ရှိပြီး ရေကျသွားသည်နှင့် ရထား လမ်းပိုင်း အမြန်ပြန် ဖွင့်နိုင်ရန်အတွက် မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူး နှင့် ရုံးချုပ်အဆင့် ဌာနအကြီးအကဲများသည် ရေကျော်သည့်နေရာများသို့ ရောက်ရှိပြီး လိုအပ်သည်များကို စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.