Connect with us

Environment, Disasters & Accidents

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် ငလျင် ၂၃ ကြိမ် လှုပ်ရှားခဲ့ကြောင်းဆို

ငလျင်ကြိမ်နှုန်းပြ ဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ငလျင် စုစုပေါင်း ၂၃ ကြိမ်လှုပ်ရှားခဲ့ကြောင်းနှင့် နိုဝင်ဘာလထက် လှုပ်ရှားမှု ၈ ကြိမ် ပိုခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ဆင်ဟွာသို့ ဇန်နဝါရီ ၂ ရက် တွင်ပြောသည်။

“ဒီဇင်ဘာလထဲမှာ အင်အားအသင့်အတင့်ငလျင် ၂ ကြိမ်လှုပ်ရှားခဲ့ပါတယ်။ ကျန်တာတွေက အင်အားအနည်းငယ်ငလျင်တွေပဲလှုပ်ရှားခဲ့တာပါ’’ ဟု၎င်းကဖြည့်စွက်ပြောကြားသည်။

အင်အားအသင့်အတင့်ငလျင် ၂ ကြိမ်တွင် တစ်ကြိမ်မှာ အင်အား ရစ်(ခ်)တာစကေး ၅ ဒဿမ ၄ အဆင့် ငလျင်ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ဂန့်ဂေါမြို့ အနီးတွင်လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း၊ ဒုတိယတစ်ခုမှာ အင်အား ရစ်(ခ်)တာစကေး ၅ ဒဿမ ၀ ဖြင့် ကချင်ပြည်နယ်ဘက်တွင် လှုပ်ရှားခဲ့ကြောင်း သိရသည်။
ကျန်သည့် ၂၁ ကြိမ်မှာ အင်အားအနည်းငယ်ငလျင်များဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် အများဆုံးလှုပ်ရှားခဲ့ကြောင်း၊ ဒီဇင်ဘာလတွင် ငလျင်များကြောင့် ပျက်ဆီးဆုံးရှုံးမှုမရှိကြောင်းဆိုသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ငလျင် စုစုပေါင်း ၁၅ ကြိမ်လှုပ်ရှားခဲ့ကြောင်း သိရသည်။ (Xinhua)