Connect with us

Environment, Disasters & Accidents

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မကွေးတိုင်းဒေသကြီးအတွင်း သစ်ပင် ၁၂ သိန်းစိုက်ပျိုးရန်ရှိ ၊ အခြားအပူပိုင်းဇုန် ဒေသများတွင်လည်းစိုက်ပျိုးသွားမည်ဟု ဆို

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးအတွက် စိုက်ပျိုးထားသည့် စိုက်ခင်းတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန)

ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မကွေးတိုင်းဒေသကြီးအတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သစ်တော စိုက်မြေဧက (၁,၈၀၀)ဖော်ဆောင်၍ သစ်ပင်ပေါင်း (၁၂)သိန်း စိုက်ပျိုးသွားမည်ဖြစ်ပြီး၊ အခြားအပူပိုင်းဇုန် ဒေသများတွင်လည်း အပင်များ စိုက်ပျိုးသွားရန်ရှိကြောင်း၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောကဏ္ဍ၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဇော က ဆင်ဟွာသို့ ဒီဇင်ဘာ ၂၉ ရက်တွင်ပြောကြားသည်။

“မြန်မာနိုင်ငံမှာ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတို့ က အပူပိုင်းဇုန်အတွင်း ကျရောက်တဲ့ တိုင်းဒေသကြီး ၃ ခုဖြစ်တယ်။ အပူပိုင်း ဒေသမှာ သစ်ပင်စိုက်ရတဲ့ရည်ရွယ်ချက်က အပူဒဏ်လျှော့ချနိုင်ဖို့၊ ဒေသခံတွေရဲ့ အခြေခံလိုအပ်ချက်ဖြည့်စည်းနိုင်ဖို့ ဒေသခံတွေအလုပ်အကိုင်အခွင့်အလမ်းရရှိနိုင်ဖို့ဆိုပြီး အဓိကရည်ရွယ်ပြီး ဆောင်ရွက်တာပါ’’ ဟု ၎င်း က ဆိုသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း အပူပိုင်းဇုန် ဒေသတစ်ဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီး၏ မြို့နယ် ၁၀ ခုတွင်လည်း ကျေးရွာသုံးထင်းစိုက်ခင်းဧက ၄၀၀ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။ “မန္တလေးတိုင်းဒေသကြီးမှာလည်း ကျွန်တော်တို့ စိုက်ပျိုးသွားဖို့ရှိပါတယ်။ အဲဒီလို အပူပိုင်းဇုန်အတွင်းဒေသမှာ အပင်တွေစိုက်ရတာက အဲဒီလို အပူပိုင်းဇုန်တွေက စိမ်းလန်းစိုပြေပြီး အဲဒီဒေသမှာရှိနေတဲ့ရေ၊မြေတွေကို ထိန်းသိမ်းဖို့ဆိုတာကလည်း ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ထဲမှာပါပါတယ်’’ ဟု ၎င်းက ဆက်ပြောသည်။

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနအနေဖြင့် သစ်တောစိုက်ခင်းတည်ထောင်ခြင်း၊ သဘာဝတောကျန်များအားထိန်းသိမ်းခြင်း နှင့် ထင်းအစားအခြားလောင်စာရရှိစေရေး၊ရေရရှိစေရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.