Connect with us

Environment, Disasters & Accidents

ရွှေပြည်သာမြို့နယ်အတွင်းရှိ ဆောက်လုပ်ဆဲအဆောက်အဦပြိုကျကာ ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိ

ရွှေပြည်သာမြို့နယ်အတွင်းရှိ ဆောက်လုပ်ဆဲအဆောက်အဦပြိုကျမှု ဖြစ်ပွားရာနေရာ၌ မီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား တွေ့ရစဉ်(ဓာတ်ပုံ - Myanmar Fire Services Department )

ရန်ကုန် ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်အတွင်း ယနေ့ ဇူလိုင် ၄ ရက်တွင် ဆောက်လုပ်ဆဲအဆောက်အဦ၏ အနောက်ဘက်အခြမ်း ပေ၂၀ ခန့် ပြိုကျကာ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေသော အမျိုးသား ၆ ဦး ၊ အမျိုးသမီး ၁ဦး စုစုပေါင်း ၇ ဦးသည် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနထံမှ သိရသည်။ယင်းပြိုကျမှု ဖြစ်ပွားသည့် အဆောက်အဦမှာ ဆောက်လုပ်ဆဲ (၂၀x၆၀)ပေ Steel Structure (၂)ထပ် အဆောက်အဦဖြစ်ပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ အခင်းဖြစ်နေရာတွင် ထပ်မံပိတ်မိနေသူများ ရှိ/မရှိ သိရှိနိုင်ရန်အတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

ရွှေပြည်သာမြို့နယ်အတွင်းရှိ ဆောက်လုပ်ဆဲအဆောက်အဦပြိုကျမှု ဖြစ်ပွားရာနေရာ၌ မီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား တွေ့ရစဉ်(ဓာတ်ပုံ – Myanmar Fire Services Department )

“အဲဒီမှာက ပထမတစ်ထပ်ကို ကွန်ကရစ် Slab လောင်းနေတာ ။ အဲဒီမှာပါတဲ့ အလုပ်သမားက ရွှေပြည်သာမြို့နယ် ၉ ရပ်ကွက်ကလဲ ပါတယ်။ ဒလဘက်က အလုပ်သမားတွေလဲ ပါတယ်။ များတာကတော့ ဒလဘက်က အလုပ်သမားတွေ များတာပေါ့။ အဲဒီကို ကျွန်တော်တို့ ရောက်တော့ ပြိုပြီးသွားပြီပေါ့ ။ ဆွဲထုတ်ရတဲ့ အနေအထားမျိုးတော့ မရှိဘူး ။ ထိခိုက်ဒဏ်ရာရတာကတော့ အားလုံး စုစုပေါင်းကတော့ ၈ ယောက် ဖြစ်ပါတယ်။ ပထမဆုံးက တစ်ပြိုင်တည်း ၇ ယောက် ဖြစ်တယ် ။ နောက်ထပ် နောက်တိုး ၁ ယောက်က လက်ကနာပြီး လှုပ်မရတော့ဘူးဆိုလို့ ထပ်ပို့ပေးရတော့ အားလုံးပေါင်း ၈ ဦး ဖြစ်သွားတာပေါ့ ။” အခင်းဖြစ်နေရာရှိ ထိခိုက်ဒဏ်ရာရရှိသူများအား ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့သည့် လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း(We Love Care) ဥက္ကဋ္ဌ ဦးဇော်ကြီးက ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။

ရွှေပြည်သာမြို့နယ်အတွင်းရှိ ဆောက်လုပ်ဆဲအဆောက်အဦပြိုကျမှု ဖြစ်ပွားရာနေရာ၌ မီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား တွေ့ရစဉ်(ဓာတ်ပုံ – Myanmar Fire Services Department )

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၅/၆)ရပ်ကွက်၊ ပတ္တမြားလမ်း၌ ဇူလိုင် ၄ ရက် နံနက် ၁၀ နာရီ ၂ မိနစ်ခန့်တွင် ဆောက်လုပ်ဆဲ Steel Structure ပထမထပ် ကွန်ကရစ် Slab လောင်းနေရင်း ပြိုကျမှုဖြစ်ပြီး လုပ်ငန်းခွင်အတွင်းရှိ အလုပ်သမား အမျိုးသား ၆ ဦး နှင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိ၍ စေတနာသုခ လူမှုကူညီရေးအသင်း နှင့် လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း(We Love Care) တို့မှ လူနာများအား ရွှေပြည်သာဆေးရုံသို့ ကနဦး ပို့၍ ဆေးကုသမှု ရယူကာ ခေါင်း နှင့် ခြေထိသော အမျိုးသမီးလူနာ နှင့် ဓါတ်မှန်ရိုက်ရန်လိုအပ်သော အမျိုးသား ၄ ဦးတို့အား အင်းစိန်ဆေးရုံသို့ ဆက်လက် ပို့ဆောင် ကူညီပေးခဲ့ကြောင်း လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း(We Love Care) က ထုတ်ပြန်ထားသည်။ (Xinhua)

#ရွှေပြည်သာ #အဆောက်အဦ #ပြိုကျမှု #ဆင်ဟွာ #xinhua #myanmar #xinhuamyanmar