Connect with us

Environment, Disasters & Accidents

တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ချို့တွင် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးကြီးခြင်းတို့ ဖြစ်နိုင်ကြောင်း သတိပေးချက်ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်တွင် ဇွန် ၂၂ ရက်က မိုးကြီး၍ သစ်ပင်ကျိုးကျမှုအား မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းဖယ်ရှားနေမှုအားတွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

ရန်ကုန်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ချို့တွင် ဇူလိုင် ၃ ရက် မှ ဇူလိုင် ၉ ရက်အတွင်း လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးကြီးခြင်းတို့ ဖြစ်နိုင်ကြောင်း သတိပေးချက်အား မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်တွင် ဇွန် ၂၂ ရက်က မိုးကြီး၍ သစ်ပင်ကျိုးကျမှုအား မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းဖယ်ရှားနေမှုအားတွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက “ကျွန်တော်တို့ ဌာန က သတိပေးချက်ထုတ်ပြန်ထားတဲ့ကာလအတွင်းမှာ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ၂၄ နာရီအတွင်းမိုးရေချိန် ၃ လက်မ (၇၇-မီလီမီတာ)နှင့်အထက် ရွာသွန်းနိုင်တယ်။ ဒါကြောင့် မြစ်၊ချောင်းအနီး နေထိုင်သူတွေနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ အနေနဲ့ သတိပြုနေထိုင်သင့်ပါတယ်’’ ဟု ဆင်ဟွာသို့ ယနေ့ ဇူလိုင် ၂ ရက်တွင် ပြောသည်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံလေအားကောင်းလာနိုင်ခြင်းကြောင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူလေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတရံမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိတိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၈ ပေမှ ၁၂ ပေခန့်ရှိနိုင်ကြောင်း၊ သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်မြေပြိုခြင်းစသည့်သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင်နေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင် သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်းကြိုတင်သတိပြုရန် မိုးဇလမှ အသိပေးနှိုးဆော်ချက်ထုတ်ပြန်ထားကြောင်း သိရသည်။ (Xinhua)