Connect with us

Myanmar

၁၁ ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်း ၇ မျိုး ဝင်ရောက်ယှဉ်ပြိုင်မည်

၁၁ ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲဝင်ရောက်ရန် မြားပစ်လေ့ကျင့်နေသော အားကစားသမားများအားတွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇွန် ၃ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၁၁ ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်း ၇ မျိုး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်မှ နာယက ဦးသောင်းတင်က ဆင်ဟွာသို့ ယနေ့ ဇွန် ၃ ရက်တွင် ပြောသည်။

ဦးသောင်းတင်က “ဇူလိုင်လ ၂၃ ရက် မှာ အင်ဒိုနီးရှားနိုင်ငံကို ပြိုင်ပွဲဝင်အားကစားသမားတွေ ထွက်ခွါမှာပါ။ ရေကူးနဲ့ ပြေးခုန်ပစ်ကတော့ ရွှေတံဆိပ်ဆုကို မျှော်မှန်းပြီး လေ့ကျင့်ပြင်ဆင်နေပါတယ်’’ ဟုပြောသည်။

၁၁ ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို ဇူလိုင် ၃၀ ရက် မှ သြဂုတ် ၆ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။ အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် အိမ်ရှင် အင်ဒိုနီးရှားနိုင်ငံမှ မြားပစ်၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ Boccia ၊ စစ်တုရင်၊ ဘောလုံး၊ Goalball ၊ ဂျူဒို၊ အလေးမ၊ ထိုင်လျက်ဘော်လီဘော၊ ရေကူး၊ စားပွဲတင်တင်းနစ်၊ ဘတ်စကက်ဘော၊ ဝှီးချဲတင်းနစ် စသည့် အားကစားနည်း ၁၄ နည်း ထည့်သွင်းကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ မြားပစ်၊ ပြေးခုန်ပစ်၊ Goalball ၊ ရေကူး၊ ဘောလုံး၊ ထိုင်လျက်ဘော်လီဘောနှင့် အလေးမ စသည့် အားကစားနည်း ၇ မျိုးအား ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်မှ သိရသည်။

၁၁ ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲသို့ အာဆီယံနိုင်ငံအားလုံး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားနည်းအလိုက် ကွာခြားမှုများ ရှိမည်ဖြစ်ကြောင်း သိရသည်။
၎င်းပြိုင်ပွဲသို့ ကစားသမား ၆၉ ဦးနှင့် နည်းပြ ၂၁ ဦး သွားရောက်ယှဉ်ပြိုင်ရန်လျာထားထားကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်မှ သိရသည်။ (Xinhua)