Connect with us

Politics, Law & Military

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ဆွေးနွေးရန် လက်ခံ

ပြည်သူလွှတ်တော်မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြည်သူ့လွှတ်တော်သို့ယနေ့တင်သွင်းလာသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို လက်ခံဆွေးနွေးရန် ယနေ့ပြည်သူ့လွှတ်တာ် အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြသည်။

“ကျွန်တော်တို့နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု ဥပဒေက နှစ်ခု ရှိပါတယ်၊ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် ပြဌာန်းခဲ့တဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် ပြဌာန်းခဲ့တဲ့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေတို့ဖြစ်ပါတယ်။ အာဆီယံ နိုင်ငံများအနက် ရင်းနှီးမြှုပ်နှံမှု ဥပဒေ နှစ်ရပ်ရှိသည့် နိုင်ငံမှာ မြန်မာနိုင်ငံ တစ်ခုတည်းသာ ဖြစ်နေပါတယ်။ ဒီ ဥပဒေ နှစ်ရပ်ကို ပေါင်းစည်း ဆောင်ရွက်ခြင်းအားဖြင့် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကောင်း ပေါ်ပေါက်စေမည်ဖြစ်ပြီး နိုင်ငံတကာနှင့် ဒေသတွင်း သဘောတူညီချက်များနှင့် လိုက်လျောညီထွေ ဖြစ်စေမည် ဖြစ်သဖြင့် ရင်းနှီးမြှုပ်နှံမှု ဥပဒေနှစ်ရပ်ကို ပေါင်းစည်း၍ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ဥပဒေအဖြစ် ရေးဆွဲရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်” ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်သို့ပြောခဲ့သည်။

အခန်း ၂၃ ခန်း၊ ပုဒ်မ ၁၀၄ ခုပါဝင်သည့် ထိုဥပဒေကြမ်းကို ရေးဆွဲရာတွင် ကမ္ဘာ့ဘဏ်၏ အဖွဲ့အစည်း တစ်ခု ဖြစ်သော International Finance Corporation က နည်းပညာ အကူအညီများ ပေးခဲ့ကြောင်း၊ ထိုဥပဒေ ကြမ်းကို Task Force အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနများမှ ပုဂ္ဂိုလ်များ၊ ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၊ အမျိုးသားလွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု ကော်မတီ တို့မှ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများဖြင့် ညှိနှိုင်း ဆွေးနွေးခြင်း၊ အများပြည်သူများထံမှ အကြံပြုချက်များ တောင်းခံခြင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အဖွဲ့ဝင်များသို့ အကြံပြုချက်၊ သဘော ထား မှတ်ချက်များ တောင်းခံခြင်းစသည့် ဆောင်ရွက်မှုများဖြင့် ရေးဆွဲခဲ့ကြောင်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဥပဒေကြမ်းကို နိုင်ငံတော် သမ္မတရုံး၊ စီးပွား ရေးရာ ကော်မတီနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်း အဝေးများသို့တင်ပြပြီး အတည်ပြုချက်များ ရယူထားကြောင်းလည်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်သို့ပြောကြားခဲ့သည်။

ယခု ရေးဆွဲထားသော ဥပဒေကြမ်းနှင့် ယခင် ရင်းနှီးမြှုပ်နှံမှု ဥပဒေများ အကြား ကွာခြားချက်များမှာ အဓိက အားဖြင့် နိုင်ငံတကာတွင် ကျင့်သုံးနေသည့် အဓပ္ပါယ် ဖွင့်ဆိုချက်များနှင့် ကိုက်ညီအောင် ဖွင့်ဆိုထားခြင်း၊ သဘာ၀ ပတ်ဝန်းကျင်နှင့် လူမှု ပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိသော တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထား ရေးဆွဲထားခြင်းဖြစ်ကြောင်း၊ ဥပဒေ အကျုံးဝင်မှု နယ်ပယ်တွင်ဥပဒေ၏်အသုံးပြုနိုင်မှု လိုက်နာ သိရှိနိုင်စေရန်နှင့် မလိုလားအပ်သည့် အငြင်းပွားမှုများ ဖြစ်ပေါ်စေခြင်းကို တားမြစ်နိုင်စေရန် ရေးဆွဲထားရှိကြောင်းလည်း ၎င်းက ရှင်းပြသည်။ ယခင် ရှိခဲ့သည့် ပြည်တွင်းနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေများအရ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတိုင်းသည် ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ကို ရယူရမည် ဖြစ်သော်လည်း ယခုဥပဒေတွင် လုပ်ငန်းတိုင်းက ခွင့်ပြုချက် ရယူရန် မလိုတော့ဘဲ နိုင်ငံတော်အတွက် မဟာဗျူဟာအရ အရေးပါသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစား၊ မတည်ငွေရင်း ကြီးမားသည့် လုပ်ငန်းမျိုး၊ သဘာ၀ ပတ်ဝန်းကျင်နှင့် ဒေသခံ လူထုအပေါ် သက်ရောက်မှု ဖြစ်စေနိုင်သည့်လုပ်ငန်း အမျိုးအစားများ စသည့်တို့အတွက်သာ ကော်မရှင်၏ ခွင့်ပြုချက်လိုအပ်မည် ဖြစ်ကြောင်း လည်းသိရသည်။ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီက တင်ပြအပြီးတွင် ထိုဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး ပြင်ဆင်ချက် အဆို တင်သွင်း လိုသူများသည် စက်တင်ဘာ ၂၂ ရက်နေ့ညနေ နောက်ဆုံးထားပြီး အမည်စာရင်း ပေးသွင်းကြ ရန် ပြည်သူ့လွှတ်တော် ဥက္ကဌက မှာကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.