Connect with us

Politics, Law & Military

အထူးအစည်းအဝေးခေါ်ယူကျင်းပရန် မရှိကြောင်း ပြည်ထောင်စုလွှတ်တော်ရုံး ထုတ်ပြန်

ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တစ်ရပ် ကျင်းပနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

အထူးအစည်းအဝေးခေါ်ယူကျင်းပရန် မရှိကြောင်း ပြည်ထောင်စုလွှတ်တော်ရုံးက ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

ဦးသောင်းအေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပျော်ဘွယ်မဲဆန္ဒနယ်၊ မန္တလေး တိုင်းဒေသကြီးအပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၂၀၃ ဦး တို့က ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အထူးအစည်းအဝေးခေါ်ယူကျင်းပပေးပါရန် ဇန်နဝါရီ ၁၁ ရက်စွဲပါစာဖြင့် တင်ပြတောင်းဆိုလွှာတင်သွင်းထားခြင်း နှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်နာယကထံမှ ဦးသောင်းအေးနှင့်အဖွဲ့ထံသို့ ပြည်ထောင်စုလွှတ်တော်ရုံး၏ ဇန်နဝါရီ ၁၂ ရက်စွဲပါစာဖြင့် ပြန်ကြားထားကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

တင်ပြစာပါ အထူးအစည်းအဝေးအတွက်အဓိကအကြောင်းပြချက်ကိုစိစစ်ရာ တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲဆိုင်ရာ တိုင်ကြား၊ ကန့်ကွက်မှုများအတွက် ပြည်သူ့ ကိုယ်စားလှယ် များနှင့် စုပေါင်းတိုင်ပင်အဖြေရှာ ဆုံးဖြတ်နိုင်ရန်ဟု တွေ့ရှိရပြီး လက်ရှိ လွှတ်တော်သက်တမ်းကို မှန်ကန်စွာ အဆုံးသတ်ပိတ်သိမ်း၍ သက်တမ်းအသစ် တစ်ခုကို ဥပဒေနှင့်အညီ ညင်သာချောမွေ့စွာ ကူးပြောင်းနိုင်ရန်လည်း တင်ပြထားကြောင်း ပြန်ကြားမှုတွင် ထည့်သွင်း ဖော်ပြခဲ့သည်။

အဆိုပါ ပြန်ကြားထားမှုတွင် အထူးအစည်းအဝေးခေါ်ယူကျင်းပပေးရန် တင်ပြတောင်းဆိုစာပါ အကြောင်းပြချက်များမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၈၁ ပါ ပြဌာန်းချက်များအရ ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်၊ သဘောတူညီချက်၊ အတည်ပြုချက် ရယူရမည့်ကိစ္စရပ်မဟုတ်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၂ နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၁ တို့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များ သည် အပြီးအပြတ်အတည်ဖြစ်စေရမည်ဟု ပြဋ္ဌာန်းထားသည့်အတွက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ စုပေါင်းတိုင်ပင် အဖြေရှာဆုံးဖြတ်ရမည့်ကိစ္စမဟုတ်ခြင်း၊ ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်သို့ တိုင်ကြား ကန့်ကွက်ခြင်းများအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များဖြစ်ခြင်း တို့ကြောင့် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ခေါ်ယူကျင်းပပေးရန် မလိုအပ်ကြောင်း ပြန်ကြားခဲ့သည်ဟု ထည့်သွင်း ဖော်ပြထားသည်။

ထို့အပြင် လက်ရှိအချိန်တွင် နိုင်ငံအတွင်း COVID-19 ကမ္ဘာ့ကူးစက်ရောဂါ ပြန့်နှံ့ဖြစ်ပွား နေဆဲ ဖြစ်ပြီး လွှတ်တော်များ၏ ဒုတိယသက်တမ်းကာလ ရက် ၂၀ ခန့်သာ ကျန်ရှိကြောင်း ၊ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာနည်းဥပဒေများအရ အထူးအစည်းအဝေးကို အနည်းဆုံး ၁၅ ရက် ကြိုတင် ဖိတ်ကြားရမည်ဖြစ်၍ အစည်းအဝေး ပြုလုပ်ရန် ၃ ရက် ခန့်သာ ရှိနိုင်ကြောင်း ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ မဖြစ်မနေကျင်းပရန် လိုအပ်သည့် တတိယအကြိမ် လွှတ်တော်များ၏ ပထမပုံမှန် အစည်းအဝေးများ ကိုလည်း ဖေဖော်ဝါရီ ၁ ရက်တွင် စတင် ကျင်းပပြုလုပ်ရန် သက်ဆိုင်ရာ ဥပဒေများ နှင့်အညီ ဇန်နဝါရီ ၆ ရက်တွင် ခေါ်ယူ ဖိတ်ကြားထားပြီးဖြစ်ကြောင်းလည်း ပြန်ကြားမှုတွင် ဖြည့်စွက် ဖော်ပြထားသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117