Connect with us

Politics, Law & Military

အရင်းအတိုး ပြန်ပေးဆပ်နိုင်ခြင်းမရှိသော ချေးငွေ ကျပ် ၂၆၃ ဘီလီယံ ခန့်ရှိဟု ဆို

ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ် ကြွရောက်လာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၂၉ ရက်(ဆင်ဟွာ)

နိုင်ငံပိုင် ဘဏ်များရှိ အရင်း အတိုး ပြန်လည် ပေးဆပ်နိုင်ခြင်း မရှိသော ချေးငွေမှာ စုစုပေါင်း ကျပ် ၂၆၃ ဒသမ ၉ ဘီလီယံ ရှိနေကြောင်း ပြည်ထောင်စု လွှတ်တော် ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီ အဖွဲ့ဝင် ဇလွန်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မင်းက ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ လွှတ်တော်သို့ တင်ပြခဲ့သည်။

နိုင်ငံပိုင်ဘဏ်များ ရှိ အရင်းအတိုး ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိသော ချေးငွေများ (NPL:_ Non-Performing Loan) စုစုပေါင်းသည် ၂၀၁၈ စက်တင်ဘာ ၃၀ ရက်နေ့အထိ ကျပ် ၂၆၂ ဒသမ ၉ ဘီလီယံ (ချေးငွေ စုစုပေါင်း၏ ၆ ဒသမ ၇၈ ရာခိုင်နှုန်း) ရှိရာ မြန်မာ့ စီးပွားရေးဘဏ်တွင် ကျပ် ၁၃၃ ဒသမ ၇၇၃ ဘီလီယံ (ချေးငွေ၏ ၅ ဒသမ ၈၆ ရာခိုင်နှုန်း)၊ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်း ရောင်း ဝယ်ရေး ဘဏ်တွင် ကျပ် ၃ ဒသမ ၀၂၇ ဘီလီယံ (ချေးငွေ၏ ၉ ဒသမ ၁၇ ရာခိုင်နှုန်း)နှင့် မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တွင် ကျပ် ၁၂၆ ဒသမ ၁ ဘီလီယံ (ချေးငွေ၏ ၈ ဒသမ ၀၇ ရာခိုင်နှုန်း) အသီးသီး ရှိကြပြီး သက်ဆိုင်ရာ ဘဏ်များ၏ ဆောင်ရွက်ချက်များကို ကော်မတီ၏ အစီရင်ခံစာတွင် ဖြည့်စွက်ဖော်ပြထားသည်ဟု ၎င်းက ရှင်းလင်း တင်ပြခဲ့သည်။

ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက ပေးပို့သည့် ၂၀၁၈ ဧပြီလမှ စက်တင်ဘာလ အထိ စစ်ဆေး တွေ့ရှိချက် အစီရင်ခံစာ အပေါ် ပြည်ထောင်စု လွှတ်တော် ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်  အစီရင်ခံစာ ဒုတိယတွဲအား ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ ဖတ်ကြား တင်ပြရာတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။   

   ဝန်ကြီးဌာနများက ပြည်တွင်း ပြည်ပ ဖက်စပ် ကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသော အခြေအနေနှင့် ပတ်သက်၍လည်း ၎င်းက ဝန်ကြီးဌာန ကိုးခု (ပြန်ကြားရေး၊ စိုက်/ မွေး/ ဆည်၊ ပို့/ ဆက်၊ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လျှပ်စစ်နှင့် စွမ်းအင်၊ စက်မှု၊ စီမံ/ ဘဏ္ဍာ၊ ဆောက်လုပ်ရေး၊ ဟိုတယ်နှင့် ခရီးသွား) တို့နှင့် ပူးပေါင်း ဆောင်ရွက်သည့် ဖက်စပ်ကုမ္ပဏီ ၄၀ ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အကျိုး အမြတ် ခွဲဝေသည့်အခါ ၅၀ ရာခိုင်နှုန်းထက် ကျော်လွန်ရရှိနေသည့် ကုမ္ပဏီ ရှစ်ခု ရှိပြီး ငွေစုဘဏ် အတိုးနှုန်း ထက် ပိုမို ရရှိနေသည့် ကုမ္ပဏီ သုံးခု ရှိကာ စာရင်း ရှင်းလင်း ဖျက်သိမ်းရန် စီစဉ်နေသော ကုမ္ပဏီ ငါးခု ရှိကြောင်း၊ အကျိုး အမြတ် အပြည့်အ၀ မခံစားရသေးဘဲ အရှုံးပေါ်နေသည့် ကုမ္ပဏီ ၂၄ ခု ရှိကြောင်း ၎င်းက ရှင်းလင်းတင်ပြခဲ့သည်။ 

ထို့အပြင် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၏ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိသူများက နိုင်ငံတော်သို့ ပေးဆောင်ရမည့် မြေခွန်တော် စည်းကြပ် ကောက်ခံခြင်း အတွက် ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်မှ စတင်၍ ကောက်ခံရန် ညွှန်ကြားခြင်းမှာ ၂၀၁၂ ခုနှစ် မြေလွတ် မြေလပ် မြေရိုင်း ဥပဒေ နည်းဥပဒေ များနှင့် မညီညွတ်ကြောင်း၊ လုပ်ပိုင်ခွင့် ပေးထား သည့် မြေလွတ် မြေလပ် မြေရိုင်း ဧရိယာသည် ၃၁ ရက် ၁ လ ၂၀၁၈ နေ့အထိ  ဧကပေါင်း ၂၃ သန်းခန့်ရှိကြောင်း၊ ၁၉၉၁ မှ ၂၀၁၂ ခုနှစ် ဥပဒေ မပြဌာန်းခင်ကာလအထိ ခေတ် အဆက်ဆက် ခွင့်ပြုခဲ့သည့် ဧရိယာ ၁ ဒသမ ၄ သန်းကျော် ပါဝင်နေပြီး စည်းမျဉ်းနှင့် မညီညွတ်သော မြေများကို ပြန်လည် သိမ်းဆည်းခဲ့သည်မှာ ဧက ၁ ဒသမ ၅ သန်းကျော် ရှိကြောင်း၊ အဆိုပါ လယ်မြေများအား ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ် ကျမှ တစ်ပေါင်းတည်း ကောက်ခံခြင်းကြောင့် နိုင်ငံတော်အတွက် ရသင့် ရထိုက်သည့် အခွန်အခများ အပြည်အ၀ မရရှိဘဲ နစ်နာမှု ဖြစ်ပေါ်နေကြောင်း၊ ၂၀၁၂ မြေလွတ် မြေရိုင်း ပလပ်မြေ ဥပဒေ အသက်ဝင်ပြီး သည်မှ စတင်၍ မြေယာခွန် ကောက်ခံသင့်သည်ဟု သဘောထား မှတ်ချက် ပြုပါကြောင်းလည်း ပြည်ထောင်စု လွှတ်တော် ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီဝင်က ရှင်းလင်း တင်ပြခဲ့သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117