Connect with us

Politics, Law & Military

ကလေးအကျဉ်းထောင်တွင် အကျဉ်းသားများထွက်ပြေးရန်ကြံစည်မှုဖြစ်ပွားရာမှ အချုပ်သား/အကျဉ်းသား (၇)ဦးသေဆုံးပြီး (၁၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ ကလေးအကျဉ်းထောင်အားတွေ့ရစဉ်(ပြန်ကြားရေး)

ရန်ကုန်၊ မတ် ၁၆ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ ကလေးအကျဉ်းထောင်၌ မတ် ၁၅ ရက် ညနေပိုင်းက အကျဉ်းသားအချုပ်သား (၅၀)ခန့်သည် အကျဉ်းထောင် တာဝန်ရှိသူများအား ဓားစာခံပြုလုပ်ပြီး ထွက်ပြေးလွတ်မြောက်ရန်ကြံစည်မှုဖြစ်ပွားခဲ့ရာမှ အချုပ်သား/အကျဉ်းသား (၇) ဦးသေဆုံးကာ အခြား (၁၂)ဒဏ်ရာရသွားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်သော သတင်းအရ သိရသည်။” ခု အကျဉ်းထောင်မှာ ဆူပူတာမရှိပါဘူး၊ပုံမှန်လုပ်ငန်းများ ဆောင်ရွက်ထားပါတယ်” ဟု ကလေးအကျဉ်းထောင်မှ တာဝန်ရှိသူတစ်ဦး က မတ်လ ၁၆ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

ကလေးအကျဥ်းထောင်တွင် အကျဥ်းထောင်တာဝန်ခံအရာရှိနှင့်ဒုတိယတာဝန်ခံအရာရှိတို့ ၂ ဦးနှင့်အတူ ဝန်ထမ်းများသည် အကျဥ်းထောင်အတွင်းရှိ စည်းကမ်းထိန်းသိမ်းရုံး၌ လုံခြုံရေးကိစ္စများပြောဆိုနေစဉ် အမှတ်(၅) အိပ် ဆောင်မှ အချုပ်သားဗန်ဒိန်း ခေါင်းဆောင်သည့် အကျဥ်းသားအင်အား ၅၀ ဦးခန့်သည် ကလေးအကျဥ်းထောင်တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူးဦးကျော်သူ၊ဒုတိယတာ ဝန်ခံအရာရှိ ဦးစီးအရာရှိဦးချိုမင်းလတ်နှင့်ဒုကြီး ကြပ်ရေးမှူးဦးရန်ပိုင်မျိုးတို့အားဓားစာခံပြု လုပ်၍ အကျဉ်းထောင်အတွင်းမှ ထွက်ပြေးရန်ကြိုးစားခဲ့ကြောင်း သိရသည်။

ထိုသို့ ပြုလုပ်စဥ် တာဝန်ခံအရာရှိမှပြန်လည်ခုခံ၍ လွတ်မြောက်သွားကြောင်း ၊ ဒုတိယတာဝန်ခံအရာရှိနှင့် ဒုကြီးကြပ်ရေးမှူးတို့အား အချုပ်သားဗန်ဒိန်း ဦးဆောင်သည့်အဖွဲ့မှ စည်းကမ်းထိန်းသိမ်းရေးရုံးဘေး၌ချုပ်နှောင်ထားခဲ့ကြကြောင်း သိရသည်။

ယင်း တာဝန်ခံအရာရှိသည် ဗဟိုကင်းပေါ်မှ Hand Speaker ဖြင့်ဖမ်းဆီးထားသော အရာရှိ ၂ ဦးအား ပြန်လွှတ်ပေးရန်၊မိမိအိပ်ဆောင်သို့ ပြန်လည်ဝင်ရောက်ရန် အကြိမ်ကြိမ်ပြောကြားခဲ့ရာ လိုက်နာမှုမရှိ၍ MA-11 သေနတ်ဖြင့် ၃ ချက်မိုးပေါ်သို့ထောင်၍ ချောက်လှန့်သည့် သ ဘောဖြင့် ပစ်ခတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ ချောက်လှန့်ပစ်ခတ်ခဲ့သော်လည်း လိုက်နာခြင်းမရှိသဖြင့် ၎င်းလူအုပ်စုအောက်ပိုင်းသို့ MA-11 သေနတ်ဖြင့် ထပ်မံပစ်ခတ်ခဲ့ရာမှ အချုပ် သား ၁၂ ဦး ဒဏ်ရာရရှိပြီး အချုပ်သား ၆ ဦးနှင့် အကျဉ်းသား ၁ ဦး(စုစုပေါင်း ၇ ဦး)သေဆုံးခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှုကြောင့် ဒုတိယတာဝန်ခံအရာရှိနှင့်ဒုကြီးကြပ်ရေးမှူးတို့ ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း ၊ အချုပ်သားများသည် ဆေးရုံဆောင်နှင့်အမှတ် (၅)အိပ်ဆောင်အတွင်းသို့ ပြန်လည် ဝင်ရောက်သွားသဖြင့် ညနေ ၅ နာရီ ၄၀ မိနစ်ခန့်၌ဖြစ်စဥ်အား ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်ကြောင့် ဒုကြီးကြပ်ရေးမှူး၏ ဝဲဘက် လည်ပင်းနှင့်မေးရိုးတို့၌ ပြတ်ရှဒဏ်ရာ ၁ ချက်စီရရှိခဲ့သဖြင့် ကလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသပေးထားရကြောင်း သိရသည်။(Xinhua)