Connect with us

Politics, Law & Military

ကိုယ့်ရပ်တည်ချက် သဘောထားကိုပဲ ဆုပ်ကိုင် ညှိနှိုင်းမနေဘဲ ဘုံသဘောတူညီချက် ရရှိရေး ကြိုးပမ်းရန် တိုက်တွန်း

အစိုးရနှင့် NCA-S EAOs အလုပ်အဖွဲ့ ညှိနှိုင်း အစည်းအဝေး ကျင်းပနေစဉ်(ဆင်ဟွာ)

 

နေပြည်တော်၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

အစိုးရ၊ လွှတ်တော်၊ တပ်မတော်ဘက်မှ ကိုယ်စားလှယ်များနှင့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခတ်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်များ အဖွဲ့(NCA-S EAOs) တို့အကြားဆွေးနွေးမှုများ အောင်မြင်ရေးအတွက် မိမိတို့ ရပ်တည်ချက် သဘောထားကိုသာ ဆုပ်ကိုင်ပြီး ဆွေးနွေးခြင်းမျိုး မဟုတ်ဘဲ အပြန်အလှန် တူညီသော သဘောထား များကို ဦးစားပေး ရှာဖွေကာ ဘုံ သဘောတူညီချက်အဖြစ် ပြောင်းလဲလာအောင် နည်းလမ်းရှာပေးကြ ရန် တိုက်တွန်းလိုကြောင်း အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဒုတိယ ဥက္ကဌ၊ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးက ယနေ့ သြဂုတ်လ ၄ ရက်တွင် ပြောကြားခဲ့သည်။

“အနာဂတ်အတွက် ရည်မျှော်ပြီး စေ့စပ်ညှိနှိုင်းကြရအောင်၊ စိတ်ရှည်လက်ရှည်နဲ့ သဘောထား ကြီးကြီး ထားပြီး အပြန်အလှန် နားလည်မှုတွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်ရေး၊ ပြည် ထေင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံစတုတ္ထ အစည်းအဝေးကို အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်ရေးကို ဦးတည် ဆွေးနွေးပေးကြဖို့လည်း တိုက်တွန်းလိုပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဒုတိယ ဥက္ကဌ၊ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး အဖွင့် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC) တွင် ယနေ့ ကျင်းပသည့် အစိုးရနှင့် NCA-S EAOs အလုပ်အဖွဲ့၏ သတ္တမအကြိမ်မြောက် ညှိနှိုင်း အစည်း အဝေး၌၎င်းက ပြောကြားခဲ့ခြင်း ဖြစ်ပြီး သြဂုတ်လ ၁ ရက်၌ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ JIC ဆိုင်ရာ ကိစ္စတွေကို ညှိနှိုင်း ဆွေးနွေးကြရာတွင် နှစ်ဘက် အကြား နားလည်မှု ကိုယ်စီ ယုံကြည်မှု ကိုယ်စီနှင့် မပြေလည်သည်များကို ပြေလည်အောင် ညှိနှိုင်း နိုင်ခဲ့ကြကြောင်း၊ အပြန်အလှန် နားလည်မှုမှတစ်ဆင့် ဘုံသဘောထားအဖြစ် ပြောင်းလဲအောင် ရရှိနိုင်ခဲ့သည်ကို သက်သေပြခဲ့ခြင်း ဖြစ်ကြောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ စတုတ္ထအကြိမ် အစည်းအဝေး၌ ချုပ်ဆိုမည့် ပြည်ထောင်စု သဘောတူ စာချုပ် အစိတ်အပိုင်း(၃) တွင် ထည့်သွင်းရ မည့် သဘောတူညီချက်များ ရယူနိုင်ရန်၊ နှစ်ဘက် ညှိနှိုင်းချက်များ ရယူနိုင်ရန် ဆွေးနွေးညှိနှိုင်းခဲ့ သည်မှာ ယနေ့ပါဆိုလျှင် သတ္တမအကြိမ် ရှိပြီ ဖြစ်ကြောင်း၊ NCA အကောင်အထည်ဖော်မှု ဆိုင်ရာ မူဘောင် သဘောတူညီချက် ၁၃ ချက် ရရှိထားပါကြောင်း၊ ၂၀၂၀ အလွန် နှစ်အလိုက် ရှေ့လုပ်ငန်း စဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှု အတွက် ဆွေးနွေးမည့် ခေါင်းစဉ်ကြီး ရှစ်ခုကို သဘောတူထားပြီး အသေးစိတ်ခေါင်းစဉ်များကို ဆက်လက် ညှိနှိုင်းရန် ရှိကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့်  ပြည်ထောင်စု တည်ဆေက်ရေး ဆိုင်ရာ လမ်းညွှန်မှု အခြေခံမူ အနေဖြင့် အချက် နှစ်ချက်ကို သဘောတူထားပြီးဖြစ်ကြောင်း၊ နှစ်ဘက် အဆိုပြုချက်များကို ဘုံ သဘောတူညီချက် ရရှိအောင် ယနေ့ အစည်းအဝေးတွင်လည်း ထပ်မံ ဆွေးနွေးကြရန် တိုက်တွန်း ပြောကြားလိုကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

NCA-S EAOs မှ ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင်RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းငင်း အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

ထို့နောက် NCA-S EAOs မှ ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင်၊ RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းငင်း အမှာစကား ပြောကြားခဲ့ပြီး အစည်းအဝေးကို ဆက်လက် ဆွေးနွေးခဲ့ကြသည်။ အဆိုပါ အစည်းအဝေးကို သြဂုတ် ၅ ရက်နေ့အထိ ဆက်လက် ကျင်းပမည် ဖြစ်ကြောင်းနှင့် အစည်းအဝေး ရလဒ်များကို သြဂုတ် (၆) ရက်နှင့် (၇) ရက်တို့တွင် ကျင်းပမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ (PPPST) အစည်းအဝေးထံသို့ တင်ပြပြီး အတည်ပြုချက် ရယူနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း NCA-S EAOs မှ ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင်၊ RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းငင်း က ပြောကြားခဲ့သည်။ (Xinhua)