Connect with us

Politics, Law & Military

ကွင်းဆက် ဖော်ထုတ်ချက်များ အရ ရန်ကုန်တိုင်းဒေကြီး အတွင်း ကျပ်သိန်း ခုနှစ်ထောင်ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိ

သိမ်းဆည်း ရမိသော သက်သေခံ ပစ္စည်းများအား တွေ့ရစဉ်(ဓာတ်ပုံ-CCDAC)

ရန်ကုန် ၊ ဇန်နဝါရီ ၈ ရက်(ဆင်ဟွာ) 

ရန်ကုန်တိုင်းဒေကြီး အတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက် စဉ် ကွင်းဆက် ဖော်ထုတ်ချက်များ အရ ဇန်နဝါရီ ၇ ရက်တွင် ကျပ်သိန်း ခုနှစ်ထောင်ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီး ရမိခဲ့ကြောင်း မူးယစ်ဆေးအလွဲသုံးစွဲမှု တိုက်ဖျက်ရေး ဗဟိုကော်မတီ (CCDAC)  ထံမှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၅ ရက်တွင် မင်္ဂလာဒုံမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ မြောက်ဥက္ကလာပ မြို့နယ်၊ သာကေတမြို့နယ်နှင့် ဗိုလ်တစ်ထောင်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ထပ်မံဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ဇန်နဝါရီ ၇ ရက်တွင် ဗိုလ်တစ်ထောင်မြို့နယ် အမှတ်(၅)ရပ်ကွက်တွင် နေထိုင်သူ၏ နေအိမ် ဧည့်ခန်း အတွင်းရှိ ကြမ်းပြင်ပေါ်မှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၃ဝ၇,၁၉၅ ပြား (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၇,၆၇၉ ဒသမ ၈၇၅ သိန်း) ၊ Ice အလေးချိန် ၁ဝဝ ဂရမ် (ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၁ဝဝ သိန်း) အား တွေ့ရှိ သိမ်းဆည်း ရမိခဲ့ကြောင်း CCDAC ၏ ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

အဆိုပါ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုများရေးဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ် ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။(Xinhua)