Connect with us

Politics, Law & Military

ပိုပြီး တောက်ပသော အနာဂတ်ကို ဖော်ဆောင်မည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဆို

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးက ပါတီ အောင်နိုင်ရေး အလံအား လွှင့်တင်နေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

ပြည်ခိုင်ဖြိုးပါတီ အနိုင်ရပါက ယခုထက် ပိုပြီး တောက်ပသော အနာဂတ်ကို ဖော်ဆောင်ပေးမည်ဟု ပါတီ ဥက္ကဌ ဦးသန်းဌေးက ယနေ့နံနက် တွင် ပြောကြားခဲ့သည်။

“ပါတီတစ်ခု ရွေးကောက်ပွဲဝင်တယ်ဆိုတာ တိုင်းပြည်အတွက် အကောင်းဆုံး လုပ်နိုင်မယ်ထင်လို့ ဝင်ကြတာလေ၊ ကျွန်တော်တို့ရဲ့ဆောင်ပုဒ်က ပိုပြီးတောက်ပတဲ့ အနာဂတ်၊ ပိုပြီးတောက်ပတဲ့ အနာဂတ်ဆိုတာ ပိုပြီး လုံခြုံရမယ်၊ ပိုပြီးတော့ စီးပွားရှာလို့လွယ်ရမယ်၊ အများကြီးပါ၊ ဒီနေ့ အခြေအနေ ထက် ပိုပြီးတော့ ဒီမိုကရေစီ အခွင့်အရေးတွေရရမယ်၊ လူ့အခွင့်အရေးတွေရရမယ်၊ ငြိမ်းချမ်းရေးတွေ ပိုကောင်းရမယ်၊ လုပ်လည်းလုပ်ခဲ့တဲ့ဟာ ဖြစ်တဲ့အတွက် ဒါကို ကျွန်တော်တို့ လုပ်နိုင်တယ်လို့ ယုံကြည်တဲ့အတွက် ရွေးကောက်ပွဲဝင်တာ” ဟု ပါတီ ဥက္ကဌက ဆက်လက် ပြောကြားခဲ့သည်။

 ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အောင်နိုင်ရေး အလံ လွှင့်တင်ခြင်းအခမ်းအနားကို တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်ရှိ ပြည်ခိုင်ဖြိုး ပါတီ ဌာနချုပ်၌ ယနေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့သော ပါတီ အောင်နိုင်ရေး အလံ လွှင့်တင်ပွဲ အခမ်းအနားအပြီး ၎င်းက မီဒီယာသို့ပြောကြားခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲ ရလဒ် နှင့် ပတ်သက်၍  ပါတီအနေဖြင့် အစိုးရတစ်ရပ် ဖွဲ့နိုင်သည်အထိ ရည်ရွယ်ထားကြောင်း၊ မိမိကိုယ်တိုင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်မှ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

“၂၀၁၅ တုန်းက ကျွန်တော်တို့ပြောရရင် မျှော်မှန်းထားတာထက် အောင်မြင်မှုက နည်းတယ်ပေါ့၊ ဒီအချိန်မှာတော့ ဘာပဲပြောပြော ပါတီဥက္ကဌကိုယ်တိုင် ခေါင်းဆောင်ပြီးတော့ ရွေးကောက်ပွဲ ဝင်ပြရမယ့်အချိန်၊ ကိုယ်က ရှေ့တန်းကနေ တိုက်ပြရမယ်၊ ဒါကြောင့် ရွေးကောက်ပွဲ ဝင်ကိုဝင်မယ်။ ကျွန်တော်သာ ကျွန်တော်ဇာတိကို ပြန်ရွေးလိုက်ရင် ကျွန်တော် ဒီနေ့ ဘာမှ လုပ်လို့မရတော့ဘူး။ ဇေယျာသီရိ မှာ မူလရှိနေတဲ့ ဦးလှဌေးဝင်းကလည်းပဲ ဘာသာရေးဘက် သိပ်အားသန်သွားတဲ့ အခါကျတော့ သူက ဆက် မလုပ်လိုတော့ဘူး၊ ဒီအချိန်မှာ ကျွန်တော်သူ့နေရာပဲ ဝင်လိုက်တယ် ဆိုပါစို့၊ ဘယ်နေရာဝင်ဝင် ကိုယ့်ကိုယ်ကိုယ် နိုင်မယ်လို့ယုံကြည်လို့ပေါ့ဗျာ” ဟု ဆိုသည်။  

ယခု ရွေးကောက်ပွဲ မဲဆွယ်ကာလတွင် COVID-19 ကပ်ရောဂါ ဆိုင်ရာ ကျန်းမာရေး လမ်းညွှန်ချက်များနှင့် အညီ မဆောင်ရွက်နိုင်ပါက  မျှတသော ရွေးကောက်ပွဲဖြစ်ရန် အလွန်ခက်ခဲမည် ဖြစ်ကြောင်း၊ ထိုအချက်ကို မိမိတို့ စိုးရိမ်မိကြောင်း၊ ဒီမိုကရေစီလမ်းကြောင်းသို့ သွားနေသည့် နိုင်ငံတွင် တန်းတူရေးများ၊ ညီမျှခြင်းများ ရှိရမည် ဖြစ်ကြောင်း၊ မျှတသည့် လုပ်ဆောင်မှုများ၊ အခွင့်ရေးများ မရရှိပါက မမျှော်မှန်းနိုင်သည့် အခြေအနေများ ပေါ်ပေါက်လာနိုင်ကြောင်း၊ ရန်လိုမှုများလည်း ဖြစ်လာနိုင်သည်ဟု သုံးသပ်မိကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.