Connect with us

Politics, Law & Military

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် “ဝ”နှင့် မိုင်းလားအဖွဲ့တို့ တွေ့ဆုံ ဆွေးနွေး

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် “ဝ”နှင့် မိုင်းလားအဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးစဉ် (ဓာတ်ပုံ- Senior General Min Aung Hlaing Facebook)

ရန်ကုန်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် “ဝ”အဖွဲ့နှင့် မိုင်းလား အဖွဲ့တို့အား ယနေ့ ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်သည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ရှမ်းပြည်နယ် အထူးဒေသ (၂) မှ “ဝ” ပြည်သွေးစည်း ညီညွတ်ရေး အဖွဲ့ (UWSA) ဗဟို ပေါလစ်ဗျူရို အမြဲတမ်း ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ် ဦးပေါက်ယူယိ ဦးဆောင်သော အဖွဲ့နှင့် ရှမ်းပြည်နယ် အထူးဒေသ (၄) မှ NDAA (မိုင်းလား) အဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းလင်း ဦးဆောင်သောအဖွဲ့ တို့ တက်ရောက်ကာ တွေ့ဆုံ ဆွေးနွေးကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြည်သူ ရွေးချယ်သည့် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းနိုင်ရန် တပ်မတော်အနေဖြင့် လမ်းခင်း လုပ်ဆောင်ပေးခဲ့သည့် အခြေအနေများ၊ နိုင်ငံ တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံသားများ ဖြစ်သည့် တပ်မတော်သားများ၊ တိုင်းရင်းသား လက်နက်ကိုင်များတွင် တာဝန်ရှိမှု၊ တပ်မတော် အနေဖြင့် အမှန်တကယ် ငြိမ်းချမ်းရေး ရရှိလို စိတ်ဖြင့် ဆောင်ရွက်နေမှု၊ လက်ရှိဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းရာတွင် တိုင်းပြည် တိုးတက်ရာ တိုးတက်ကြောင်းကို တစ်ဦးနှင့် တစ်ဦး နားလည်မှုရှိစွာ စိတ်တူကိုယ်တူဖြင့် ညီအစ်ကို လုပ်ဖော်ကိုင်ဖက်များ အဖြစ် ခိုင်ခိုင်မြဲမြဲ လက်တွဲ လုပ်ဆောင်ရန် လိုအပ်မှု အခြေအနေများကို တွေ့ဆုံစဉ် ပြောကြားသည်။

NDAA (မိုင်းလား) အဖွဲ့မှ ဦးစိုင်းလင်းနှင့် UWSA “ဝ”အဖွဲ့မှ ကျောက်ကော်အမ်းတို့က သက်ဆိုင်ရာ နယ်မြေအလိုက် ငြိမ်းချမ်းရေးနှင့် ¬ဖွံ့ဖြိုး တိုးတက်ရေး လုပ်ဆောင်နေမှု အခြေအနေများ၊ ဒေသအတွက် လိုအပ်ချက်များကို ဆွေးနွေးကြသည်။ (Xinhua)