Connect with us

Politics, Law & Military

ဒိုက်ဦးမြို့နယ်တွင် ငွေကျပ် ၆ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်အဖက်တမင်း)များ ဖမ်းဆီးရမိ

သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများအားတွေ့ရစဉ်(ဓာတ်ပုံ-CCDAC Myanmar)

ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်

ဒိုက်ဦးမြို့၊ ဒိုက်ဦး – စစ်တောင်းသွားကားလမ်း၊ မိုင်တိုင်အမှတ် (၂၁/၃)အနီး၌ ဒီဇင်ဘာလ ၃ဝ ရက် ည ၇ နာရီခွဲအချိန်ခန့်က ငွေကျပ် ၆ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်အဖက်တမင်း)များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့(CCDAC Myanmar)က ယနေ့ ထုတ်ပြန်ခဲ့သည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးပမာဏ အများအပြား သယ်ဆောင်လာမည်ဖြစ်ကြောင်းသတင်းအရ ပူးပေါင်းစစ်ဆေးရေးစခန်းတွင် စောင့်ဆိုင်းနေစဉ် ဒိုက်ဦးမြို့ဘက်မှ စစ်တောင်းဘက်သို့ ကိုကိုဦး မောင်းနှင်လာသည့် TOYOTA WISH အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ယာဉ်နောက်ခန်းရှိ ဆာလာအိတ်များအတွင်းမှ အိုက်စ် (မက်အဖက်တမင်း) ၁ဝဝ ကီလို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ယာဉ်မောင်းအား ဥပဒေအရအမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်တရားခံများ ဖော်ထုတ်ဖမ်းဆီးရမိရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် သိမ်းဆည်းရမိသော အိုက်စ် (မက်အဖက်တမင်း)များအား ရှမ်းပြည်နယ်(တောင်ပိုင်း)နမ့်စန်မြို့နယ်မှ မွန်ပြည်နယ်၊ မုဒုံမြို့နယ်သို့ပို့ဆောင် မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)