Connect with us

Politics, Law & Military

နိုင်ငံတော်သမ္မတ နှင့် ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယသမ္မတနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး ခရီး သွားရောက်

နိုင်ငံတော်သမ္မတနှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တွေ့ရစဉ်(ဓာတ်ပုံ - MOI)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၆ ရက်(ဆင်ဟွာ)

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် နှင့် ဇနီး ဒေါ်ချိုချို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး ခရီး သွားရောက်ရန် ယနေ့နံနက် ၁၁ နာရီတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ထွက်ခွာသွားခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီရမ် နက်သ် ကိုဗင့်ဒ်၏ ဖိတ်ကြားချက်အရ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် နှင့် ဇနီး ဒေါ်ချိုချို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရားဝင်ချစ်ကြည်ရေး ခရီးအဖြစ် သွားရောက်ခြင်း ဖြစ်ပြီး ကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်များ အဖြစ် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးညီပု၊ နိုင်ငံတော်သမ္မတရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ လိုက်ပါသွားကြကြောင်း သိရသည်။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၏ အိန္ဒိယနိုင်ငံသို့ ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၉ ရက်နေ့ အထိ ချစ်ကြည်ရေး ခရီးစဉ်အတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ နားလည်မှု စာချွန်လွှာ(MoU) ခြောက်ခုကို လက်မှတ်ရေးထိုးရန် လျာထား ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဖေဖော်ဝါရီ ၂၁ ရက်တွင် နေပြည်တော်ရှိ သမ္မတအိမ်တော် သတင်းစာရှင်းလင်းခန်းမ၌ မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတနှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်နှင့်ဇနီး ဒေါ်ခင်စောမူ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ Dr.Sumit Sethနှင့် တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရသည်။ (Xinhua)