Connect with us

Politics, Law & Military

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ တတိယ အစည်းအဝေး စတုတ္ထနေ့တွင် မူဝါဒများအား အစုအဖွဲ့အလိုက် ဆွေးနွေး


နေပြည်တော် ၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ)

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ တတိယ အစည်းအဝေး စတုတ္ထနေ့ဖြစ်သည့် ဇူလိုင် ၁၄ ရက်တွင် မူဝါဒ အဆိုပြုချက်များအား ကဏ္ဍအလိုက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အစုအဖွဲ့အလိုက် ပြန်လည် ဆွေးနွေးခြင်းများအား ပြုလုပ်ခဲ့ကြောင်း သိရသည်။ညီလာခံတွင် နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး ၊ မြေယာ နှင့် သဘာ၀ ပတ်ဝန်းကျင် နှင့် လုံခြုံရေး ကဏ္ဍ ဆိုင်ရာ မူဝါဒများအား အစိုးရ ၊ လွှတ်တော် ၊ တပ်မတော် ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် နိုင်ငံရေး ပါတီတို့မှ အစုအဖွဲ့အလိုက် ဆွေးနွေးခြင်း ၊ ကဏ္ဍ အလိုက် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီးနောက် ယနေ့တွင် အစုအဖွဲ့အလိုက် ပြန်လည် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ညီလာခံတွင် ကဏ္ဍ အလိုက် မူဝါဒ အဆိုပြုချက် ၁၄ ချက်အား ပြည်ထောင်စု သဘောတူ စာချုပ်၏ အစိတ်အပိုင်း (၂) အဖြစ် လက်မှတ် ရေးထိုးနိုင်မှု အခြေအနေများ နှင့် ပတ်သက်၍ နိုင်ငံရေး ကဏ္ဍတွင် အစုအဖွဲ့၄ ဖွဲ့မှ သဘောတူပြီး ဖြစ်ကြောင်း ၊ တပ်မတော်မှလည်း သဘောတူပေးနိုင်မည်ဟု မြင်ကြောင်း ၊ စီးပွားရေး ကဏ္ဍတွင်လည်း အားလုံး သဘောတူပြီးသား ဖြစ်ကြောင်း ၊ လူမှုရေး ကဏ္ဍလည်း အဆင်ပြေ ကြောင်း ၊ မြေယာ ကဏ္ဍတွင် စကားလုံး အနည်းငယ်သာ ဝိဝါဒ ကွဲနေသည့် အတွက် ၁၄ ချက်လုံး အဆင်ပြေမည်ဟု မျှော်လင့်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ အတွင်းရေးမှူး တစ်ဦး ဖြစ်သူ စိုင်းကျော်ညွှန့်က ယနေ့ပြောကြားခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ တတိယ အစည်းအဝေး စတုတ္ထနေ့တွင် အစုအဖွဲ့အလိုက် ဆွေးနွေးမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယ အစည်းအဝေးတွင် ပြည်ထောင်စု သဘောတူ စာချုပ်၏ အစိတ်အပိုင်း(၁) အဖြစ် ၃၇ ချက်အား သဘောတူ လက်မှတ် ရေးထိုးခဲ့နိုင်ပြီး ယခု ညီလာခံတွင် ကဏ္ဍ အလိုက် မူဝါဒ ၁၄ ချက်သာ ဆွေးနွေးနိုင်မှု အပေါ် အချက် နည်းခြင်း ၊ များခြင်းသည် အတိုင်းအတာ တစ်ခု အထိ အရေးကြီးသော်လည်း ငြိမ်းချမ်းရေး ဖြစ်စဉ်ကြီး တစ်ခုလုံးသည် ရှေ့ဆက် သွားနေသည်က ပိုအရေးကြီးကြောင်း ၎င်းက ပြောကြားခဲ့သည်။

“အခုကတော့ UPDJC က တင်ပြလိုက်တဲ့ မူဝါဒ အဆိုပြုလွှာ အပေါ်မှာ ဖြည့်စွက် ၊ ပြင်ဆင်တာတွေ ရှိတယ်။ အဆိုပြုတာတွေ ရှိတယ်။ဒီနေ့မှာတော့ သက်ဆိုင်ရာ အစုအဖွဲ့တွေမှာ အပြီးသတ် ဆောင်ရွက်ရမှာပါ။ပြီးရင် မနက်ဖြန် UPDJC မှာ အပြီးသတ် တင်မှာ ဖြစ်ပါတယ်” UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ရဲဘော် မျိုးဝင်းက ပြောသည်။
ညီလာခံ အတွင်း မူဝါဒ အဆိုပြုချက် ၁၄ ချက် အပေါ်တွင် ညှိနှိုင်း ဆောင်ရွက်မှုများ ပြုလုပ်ပြီး ဇူလိုင် ၁၅ ရက်တွင် ပြုလုပ်မည့် UPDJC အစည်းအဝေးတွင် အချက် မည်မျှအား ပြည်ထောင်စု သဘောတူ စာချုပ်၏ အစိတ် အပိုင်း အဖြစ် ချုပ်ဆိုမည် ဆိုသည်ကို ထွက်ရှိလာမည် ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

လွှတ်တော်အစုအဖွဲ့အနေဖြင့် တစ်ခြားကဏ္ဍများတွင်အကြံပြု ဆွေးနွေးခြင်း ၊ ပြင်ဆင်ခြင်း ၊ သဘောထား မှတ်ချက် ပေးခြင်းများ ရှိသော်လည်း လူမှုရေး ကဏ္ဍတွင် အချက် ၇ ချက်လုံးအား ပြန်လည် ဆွေးနွေးခြင်း ၊ သဘောထား မှတ်ချက် ပေးခြင်း မရှိကြောင်း ၊ ကဏ္ဍ အလိုက် ပြန်လည် ဆွေးနွေးရာတွင် မူလ သဘောတူထားသည့် သဘောတူညီချက် အပေါ်တွင် အခြေခံ မူသဘော အားဖြင့် အနှစ်သာရ အားဖြင့် ပြောင်းလဲခြင်း မရှိသော်လည်း စကားလုံး အနည်းအပါး ပြောင်းလဲခြင်းသာ ရှိကြောင်း လွှတ်တော် အစုအဖွဲ့မှ ဦးမင်းဦးက ပြောသည်။
ညီလာခံတွင် ကဏ္ဍ ငါးရပ်အား ဆွေးနွေးခဲ့ရာတွင် လူမှုရေး ကဏ္ဍ အနေဖြင့် အချက် ၇ ချက် အထိ အောင်မြင်အောင် ဆွေးနွေးနိုင်ခဲ့သည့် အတွက် မူဝါဒ အများဆုံး ရရှိအောင် ဆွေးနွေးနိုင်ခဲ့သည့် ကဏ္ဍ တစ်ခုဟု ပြော၍ ရကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ တတိယ အစည်းအဝေးတွင် ကဏ္ဍအလိုက် မူဝါဒ အဆိုပြုလွှာများအား အစုအဖွဲ့အလိုက် ၊ ကဏ္ဍ အလိုက် ဆွေးနွေးခြင်းများ ပြုလုပ်ပြီးနောက် ထိုဆွေးနွေး ချက်များ အပေါ် ဇူလိုင် ၁၅ ရက်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ(UPDJC) အတွင်းရေးမှူးများ အစည်းအဝေး နှင့် UPDJC အစည်းအဝေးများအား ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.