Connect with us

Politics, Law & Military

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၌ ဆွေးနွေးချက်များကို ပြည်သူလူထုထံ ပြန်လည် ရှင်းလင်းပြရန် ဒုတိယ သမ္မတ တိုက်တွန်း

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ပိတ်ပွဲ အခမ်းအနား၌ မိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၌ တက်ရောက်ဆွေးနွေးသော ကိုယ်စားလှယ်များသည် ဆွေးနွေးချက်များကို ပြည်သူလူထုထံ ပြန်လည်ရှင်းလင်းရန် နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ယနေ့ ညီလာခံ ပိတ်ပွဲ အခမ်းအနားတွင် ပြောကြားသည်။

“ဒီညီလာခံကြီးကနေ မိမိတို့ နေရပ် ဒေသကို ပြန်သွားကြမယ့် ကိုယ်စားလှယ် တော်ကြီးများ အနေနဲ့ မိမိတို့ဒေသမှာ ပြုလုပ်မယ့် အမျိုးသား နိုင်ငံရေး ဆွေးနွေးပွဲများမှာ ဒီညီလာခံ ကြီးရဲ့ ဆွေးနွေးချက်တွေကို မျှဝေပြီး မိမိတို့ ပြည်သူများထံ ရှင်းလင်း ပြောကြားကြဖို့ အထူးပဲ တိုက်တွန်းပြောကြား အပ်ပါတယ်” ဟု၎င်းက ဆိုသည်။

အဆိုပါ ညီလာခံ ဆွေးနွေးချက်များကို ပြည်သူများထံ ပြန်လည် ဆွေးနွေးပြီး ပြည်သူများ၏ သဘောထား မှတ်ချက်များကိုလည်း ဆွေးနွေး ကောက်ယူပြီး နောင်လာမည့် ညီလာခံများကို ပြန်လည် သယ်ဆောင် ကြရန်လည်း ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောသည်။

အစိုးရသစ်ထံ အစိုးရ တာဝန် လွဲှပြောင်းပေးသည့်အခါ ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်နှင့် အတူ ယခု ညီလာခံကြီး၌ ဆွေးနွေးခဲ့ကြသည့် ဆွေးနွေးမှုများကို တစ်ပါတည်း လွဲှပြောင်း ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ သို့ တက်ရောက်လာသော ကိုယ်စားလှယ်များ (ဆင်ဟွာ)

အဆိုပါ ညီလာခံ ငါးရက်တာ၌ ကဏ္ဍ (၅) ခုနှင့် ပတ်သက်၍ အစုအဖွဲ့အသီးသီးမှ ညီလာခံသို့ တင်ပြထားသော ဆွေးနွေးချက် စုစည်းမှု မှတ်တမ်းများကို လက်ခံ အတည်ပြုခြင်း၊ ညီလာခံသို့ အဆိုပြုချက်များ တင်သွင်းခြင်းနှင့် အတည်ပြုချက် ရယူခြင်းနှင့် ညီလာခံမှ ဆွေးနွေးမှု စုစည်းချက်များကို ညီလာခံ ကိုယ်စား ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဒုတိယ ဥက္ကဋ္ဌ (၃) ဦးမှ နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။

လက်ရှိ ဆွေးနွေးမှုများ စုစည်းချက်များသည် နောင်တက်ရောက်လာမည့် အစိုးရသစ် လက်ထက်တွင် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်သည်။

ပထမအကြိမ် ညီလာခံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ မူဝါဒ ကိစ္စရပ်များ စသည့် ကဏ္ဍ ၅ ရပ်ကို အဓိက ဆွေးနွေးခဲ့သည်။

ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်မှ ၁၆ ရက်နေ့အထိ နေပြည်တော် MICC II ခန်းမတွင် ငါးရက်ကြာ ကျင်းပ ပြုလုပ်ခဲ့သည်။ (Xinhua)