Connect with us

Politics, Law & Military

အမေရိကန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံအား တရုတ် အပါအဝင် အိမ်နီးချင်းနိုင်ငံ အားလုံးနှင့် ဆက်ဆံရေး ကောင်းမွန်ရန် လိုလားဟု အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ပြောကြား


နေပြည်တော် ၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံအား တရုတ် အပါအဝင် အိမ်နီးချင်းနိုင်ငံ အားလုံးနှင့် ဆက်ဆံရေး ကောင်းမွန်ရန် လိုလားကြောင်း အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် (Antony Blinken) က ယနေ့ဇန်နဝါရီလ ၁၈ ရက်တွင် နေပြည်တော်၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အနာဂတ်တွင် မြန်မာအစိုးရသစ်နှင့် အမေရိကန်အစိုးရတို့အကြား ပိုမို နက်ရှိုင်း ခိုင်မာသည့် ဆက်ဆံရေးကို တည်ဆောက်နိုင်လိမ့်မည် ဖြစ်ကြောင်း ၊ အမေရိကန် အနေဖြင့် မြန်မာနိုင်ငံကို အထောက်အပံ့များ ဆက်လက်ပေးအပ်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် အား နေပြည်တော်၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဆင်ဟွာ)

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် ဖမ်းဆီးခံထားရသည့် ကျောင်းသား/သူများနှင့် နိုင်ငံရေး အကျဉ်းသားများကို အစိုးရသစ် တာဝန်မယူမီ အားလုံးလွတ်မြောက်နိုင်ရေးအားလည်း ဆွေးနွေးခဲ့ပြီးကြောင်း အစိုးရသစ်နှင့်လည်း ဆက်လက်၍ ၎င်းတို့လွတ်မြောက်ရေးအတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေး အခြေအနေသည် ဒီမိုကရေစီ စနစ်သို့သွားနိုင်ရန် အဆင့်တစ်ခုကို ကျော်ဖြတ်နိုင်ခဲ့ပြီး တွေ့ဆုံဆွေးနွေး အဖြေရှာပြီးနောက် အစိုးရသစ်ကို အောင်မြင်စွာ ဖွဲ့စည်းသွားနိုင်ရန် အချိန်ကာလ ဖြစ်ကြောင်း ၊ လက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး ကာလတွင် အဓိက ကျသော ပြောင်းလဲမှု တစ်ရပ်ကို မကြာမီ စတင်နိုင်တော့မည် ဖြစ်ကြောင်း ၊ အနာဂတ်တွင် အခက်အခဲနှင့် စိန်ခေါ်မှု အများအပြားကို ကျော်ဖြတ်ရန် ရှိသေးကြောင်း အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် က ပြောသည်။

အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် ၏ ဇန်နဝါရီ ၁၇ ရက်မှ ၁၈ ရက်အထိ မြန်မာပြည် ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အပါအဝင် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့အား တွေ့ဆုံခဲ့ပြီး ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကာလအပြီး လက်ရှိအခြေအနေနှင့် မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်နှင့် ဒီမိုကရေစီ အသွင် ကူးပြောင်းမှုအား အမေရိကန် အစိုးရမှ ဆက်လက် ထောက်ပံ့ ကူညီသွားရန် ကတိပြုခဲ့ကြောင်း သိရသည်။ (Xinhua)