Connect with us

Politics, Law & Military

ပြည်သူများအနေဖြင့် အကြမ်းဖက် အန္တရာယ်ကို သတိဖြင့် ဂရုပြုကြရန် နိုင်ငံတော်သမ္မတရုံးထုတ်ပြန်

ရခိုင်အရေးနှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးထုတ်ပြန်ချက် (ဓာတ်ပုံ-နိုင်ငံတော်သမ္မတရုံး)

နေပြည်တော်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်ပြီး နိုင်ငံသူနိုင်ငံသားများအနေဖြင့် အစိုးရက ဆောင်ရွက်နေသော အခြေအနေများကို သိရှိနားလည်ပြီး အကြမ်းဖက်အန္တရာယ်ကို သတိဖြင့် ဂရုပြုကြရန် နိုင်ငံတော်သမ္မတရုံးက ယနေ့သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် မိမိတို့ လူ့အဖွဲ့အစည်း အတွင်း ဘာသာရေး၊ လူမျိုးရေး သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်ခြင်းမပြုကြရန်၊ အခြား ဒေသများသို့ ပဋိပက္ခများ ကူးစက်ဖြစ်ပွားခြင်း မရှိစေရေး တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက် ပေးကြရန်၊ ဘာသာရေး၊ လူမှုရေးခေါင်းဆောင်များ အနေဖြင့်လည်း ပဋိပက္ခများ မဖြစ်ပေါ်စေရေး တတ်နိုင်သမျှ ဝိုင်းဝန်းထိန်းသိမ်းကူညီကြရန် ထည့်သွင်းဖော်ပြထားသည်။လက်ရှိအခြေအနေများနှင့် ပတ်သက်ပြီး ပြည်သူများအနေဖြင့် အမျိုးသားလုံခြုံရေးနှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။ယင်းဖြစ်စဉ်တွင်း အကြမ်းဖက်သမား ၈ ဦး၏အလောင်းများ ရရှိခဲ့ပြီး ၂ ဦးအား အရှင် ဖမ်းမိခဲ့သည်။အဆိုပါ ဖမ်းဆီးရမိသော အကြမ်းဖက်သမား ၂ ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လည် လွှဲပြောင်း ပေးခဲ့သည့် အကြမ်းဖက်သမား ၂ ဦးတို့ကို ပဏာမစစ်ဆေးဖော်ထုတ်ချက်အရ မောင်တောမြို့နယ် အတွင်း ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်တိုက်ခိုက်မှုများသည် ပြည်ပမှ ငွေကြေးထောက်ပံ့မှု၊ ပြည်ပ အကြမ်းဖက် အဖွဲ့အစည်းဝင်များ၏ ပံ့ပိုးမှုကူညီမှုတို့ဖြင့် အချိန်ယူကာ စနစ်တကျ ကြိုတင် ဆောင်ရွက် ခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ကြောင်း တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက် သမားများ၏ နောက်ကွယ်မှကြိုးကိုင်စီစဉ်သူများ၊ တိတ်တဆိတ် ပံ့ပိုးကူညီသူများ၊ အကြမ်းဖက် အားပေးသော အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များအားလုံးကိုလည်း ဆက်လက် စုံစမ်း ဖော်ထုတ်၍ ထိထိ ရောက်ရောက် အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။အကြမ်းဖက်သမား အင်အား ၄ဝဝ နီးပါးဖြင့် နေရာ ၆ နေရာကို တစ်ချိန်တည်း တစ်ပြိုင်တည်း အကြမ်းဖက် တိုက်ခိုက်ရန် စီစဉ်ခဲ့သော်လည်း ကျီးကန်းပြင် ဌာနချုပ်၊ ငါးခူရနယ်မြေစခန်းနှင့် ကိုးတန်ကောက်ရဲကင်းစခန်း စုစုပေါင်း(၃)နေရာ ကိုသာ အောက်တိုဘာလ ၉ ရက်နေ့တွင် တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည်။အကြမ်းဖက်တိုက်ခိုက်မှုများ၊ အကြမ်းဖက် တိုက်ခိုက်ရန် ကြိုးပမ်းဆောင်ရွက်မှုများ စသည်တို့ အားလုံးကို ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနှင့် အခြားလုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ တည်ဆဲဥပဒေများနှင့်အညီ ထိထိ ရောက်ရောက် ကာကွယ်၊ တုံ့ပြန်ချေမှုန်း တိုက်ဖျက်သွားမည်ဖြစ်ကြောင်းသိရသည်။

မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှုသာမက မည်သို့သော အကြမ်းဖက်တိုက်ခိုက်ခြင်း၊ အကြမ်းဖက်တိုက်ခိုက်ရန် ကြိုးပမ်း အားထုတ်ခြင်းမှန်သမျှကို ထိထိရောက်ရောက် တုံ့ပြန်ချေမှုန်း သွားမည် ဖြစ်ပြီး လက်ရှိ ဖြစ်ပွားနေသော အကြမ်းဖက် တိုက်ခိုက်မှုများကို အခွင့်ကောင်းယူ၍ ပြည်သူများအကြား ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခနှင့် မတည်မငြိမ်မှုများ ဖြစ်ပေါ်လာစေရန် သွေးထိုးလှုံ့ဆော်သူများ၊ သွေးထိုး လှုံ့ဆော်ရန် ကြိုးပမ်းသူများ ကိုလည်း ဥပဒေနှင့်အညီ ပြင်းပြင်းထန်ထန် အရေးယူသွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်အတွင်းရှိ အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်(ကျီးကန်းပြင်)၊ ကိုးတန်ကောက် ရဲကင်း စခန်းနှင့် ငါးခူရနယ်မြေရုံးများသို့ အကြမ်းဖက်သမားများက အလစ်အငိုက် ရယူ၍ အကြမ်းဖက် စီးနင်း တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့မှုကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၉ ဦး ကျဆုံးခဲ့ပြီး လက်ရှိအချိန်အထိ တပ်မတော်သား ၅ ဦး စုစုပေါင်း ၁၄ဦး ကျဆုံးခဲ့သည်။ (Xinhua)