Connect with us

Politics, Law & Military

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ၅၀၀ ကျပ်တန် ငွေစက္ကူပုံစံသစ်၏ ပုံသဏ္ဌာန်နှင့် အမှတ်အသားများအားထုတ်ပြန်ကြေညာ

အသစ်ထုတ်ဝေမည့် ၅၀၀ ကျပ်တန် ငွေစက္ကူအားတွေ့ရစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၉ ရက်တွင် ထုတ်ဝေမည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငါးရာကျပ် တန်ငွေစက္ကူပုံစံသစ်၏ ပုံသဏ္ဌာန်နှင့် အမှတ်အသားများ အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇူလိုင် ၁၆ ရက်တွင်ထုတ်ပြန်ကြေညာခဲ့သည်။ 

 ၅၀၀ ကျပ်တန် ငွေစက္ကူ ပုံစံသစ်၏မျက်နှာစာဘက်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ပုံနှင့် ကျောဘက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် အဆောက်အဦပုံ ရိုက်နှိပ်ထားကြောင်း၊ငါးရာကျပ်တန် ငွေစက္ကူပုံစံသစ်အရွယ်အစားမှာ အလျား ၁၅၀ မီလီမီတာနှင့် အနံ ၇၀ မီလီမီတာရှိကြောင်းနှင့် ပေါ်လွင်သော အရောင်မှာ နီညိုရောင်ဖြစ်ကြောင်းသိရသည်။

ငွေစက္ကူဆေးသားရိုက်နှိပ်ရာတွင် ဖောင်းကြွပုံနှိပ်နည်း စနစ်ဖြင့် ရိုက်နှိပ်ထားသည့်အတွက် ငွေစက္ကူ၏တန်ဖိုးဂဏန်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် စာသားနေရာများသည် ပီပြင်ထင်ရှားသည့်အပြင် လက်ဖြင့်စမ်းသပ်ကြည့်ပါက ကြမ်းတမ်းမှုရှိကြောင်း နှင့် ငွေစက္ကူနံပါတ်ကို မြန်မာအက္ခရာ မြန်မာဂဏန်းဖြင့် အလျားလိုက်၊ အင်္ဂလိပ်အက္ခရာ အင်္ဂလိပ်ဂဏန်းဖြင့် ဒေါင်လိုက်ရိုက်နှိပ်ထားကြောင်းသိရသည်။

ငွေစက္ကူ၏ မျက်နှာစာဘက်ရှိ ဘယ်/ညာအစွန်းများတွင် အမြင်အာရုံအားနည်းသူများအတွက် လက်ဖြင့်ထိတွေ့စမ်းသပ်ကြည့်ပါက အာရုံခံသိရှိနိုင်သည့် ဖောင်းကြွလိုင်းတို မျဉ်းကြောင်းငယ်(၉)ကြောင်းစီ ရိုက်နှိပ်ထားပါပြီးငွေစက္ကူပုံစံသစ်ကို အလင်းရောင်တွင် ထောင်ကြည့်ပါက ငွေစက္ကူမျက်နှာစာဘက် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ၏ လက်ဝဲဘက်တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံနှင့် ငွေစက္ကူ၏တန်ဖိုး ဂဏန်း ၅၀၀ ရေစာကို ရှင်းလင်းစွာတွေ့မြင်နိုင်ကြောင်း  မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။ 

ငွေရောင်လုံခြုံရေးကြိုးအား တစ်ဝက်ဖုံးတစ်ဝက်ပေါ် ဒေါင်လိုက်မြှုပ်နှံထားပြီးငွေစက္ကူမျက်နှာစာ၏ လက်ယာဘက်ရှိ မြန်မာစာသား “ငါးရာကျပ်” နံဘေး နီညိုရောင်ဧရိယာအား ၄၅ ဒီဂရီခန့် တိမ်းစောင်းကြည့်ပါက အင်္ဂလိပ်အက္ခရာ “CBM” များကို တွေ့မြင်နိုင်ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငါးရာကျပ်တန်ငွေစက္ကူပုံစံသစ်အား ရုံးဖွင့်ရက်ဖြစ်သော (၂၁-၇-၂၀၂၀)ရက် မှ စ၍ ဘဏ်များမှ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ၊လက်ရှိသုံးစွဲလျက်ရှိသော ငါးရာကျပ်တန်ငွေစက္ကူများသည်လည်း တရားဝင်ငွေအဖြစ် ဆက်လက်တည်ရှိနေမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။   (Xinhua)