Connect with us

Politics, Law & Military

မြန်မာလုပ်သားတို့ ထိုင်းလုပ်သားများ နှင့် တန်းတူ အခွင့်အရေး ရတော့မည်

နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးပရာဝစ်(တ်) ဝုန်ဆူဝန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ ဆွေးနွေးနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားတို့ ထိုင်းအလုပ်သမားများနည်းတူ ခံစားပိုင်ခွင့်များ ရရှိရန်၊ ထိုင်းနိုင်ငံ၏ ဥပဒေများ နှင့် အညီကာကွယ် စောင့်ရှောက်မှုများ တန်းတူ ရရှိစေရန် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ထိုင်းခရီးစဉ်တွင် သဘောတူခဲ့သည့် နားလည်မှု စာချွန်လွှာ MOU များသည် ယခုအခါ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးပရာဝစ်(တ်) ဝုန်ဆူဝန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်ကြောင့် အကောင်အထည်ပေါ်လာတော့မည်ဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ထိုင်းနိုင်ငံခရီးစဉ်တွင်ထိုင်းနိုင်ငံ၌အလုပ်သွားလုပ်နေသည့်မြန်မာလုပ်သားများထိုင်းအလုပ်သမားများ နှင့် တန်းတူအခွင့်အရေးများ
ရရေးအပါအဝင် MOU သုံးရပ်ကို သဘောတူခဲ့ကြသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးပရာဝစ်(တ်) ဝုန်ဆူဝန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ ဆွေးနွေးနေစဉ် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် နှင့် အဖွဲ့သည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံ ခရီးစဉ်နောက်ဆက်တွဲ အကောင်အထည်ဖော်မှုဆိုင်ရာ ကိစ္စများ ဆောင်ရွက်နိုင်ရန် အဓိက ရည်ရွယ်ပြီး ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက မီဒီယာသို့ ပြောသည်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးပရာဝစ်(တ်) ဝုန်ဆူဝန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံဆွေးနွေးနေစဉ် (Xinhua/ Pool)

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးပရာဝစ်(တ်) ဝုန်ဆူဝန် တို့အားတွေ့ရစဉ် (Xinhua/ Pool)

ထိုင်းနိုင်ငံ ၊ ဒုတိယဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးပရာဝစ်(တ်) ဝုန်ဆူဝန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် မြန်မာအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် လည်းကောင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်လည်းကောင်း တွေ့ဆုံခဲ့ပြီး နေ့လယ် ၂ း ၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ၊ သံတမန်ဆောင်ဧည့်ခန်းမ ၌ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် လည်းကောင်း ၃ း ၀၀ နာရီတွင် နိုင်ငံတော် သမ္မတ နှင့် လည်းကောင်း တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံမှုတွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က မြန်မာလုပ်သားများနှင့် ပတ်သက်ပြီး အငြင်းပွားမှုများ၊ နစ်နာမှုများ ပေါ်ပေါက်လာပါက ထိုင်းနိုင်ငံ အလုပ်သမား ရေးရာ ဝန်ကြီးဌာနက တာဝန်ယူပြီး ဖြေရှင်း ဆောင်ရွက်ပေးရန် ပြောသည့်အခါ ထိုင်းနိုင်ငံ ၊ ဒုတိယ ဝန်ကြီးချုပ် နှင့် ကာကွယ်ရေးဝန်ကြီးက ယခုအခါတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ်သည် မြန်မာ လုပ်သားများအတွက် လိုအပ်သည့် ဥပဒေ ပြင်ဆင်မှုများကို ပြုလုပ်ထားရှိပြီး ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်ဟု ဦးဇော်ဌေးက ရှင်းပြသည်။

ထိုအချက်သည် ဒေါ်အောင်ဆန်းစုကြည် နှင့် ဗိုလ်ချုပ်ကြီးပရာဝစ်(တ်) ဝုန်ဆူဝန်တို့ ယနေ့အဓိက ဆွေးနွေးကြသည့် အချက် ခြောက်ချက်တို့တွင်ပါဝင်ပြီး ကျန်သည့် အချက် ငါးချက်တို့မှာ မြန်မာ-ထိုင်း နှစ်နိုင်ငံ နှင့် နှစ်နိုင်ငံပြည်သူများ၏ချစ်ကြည်ရင်းနှီးကျွမ်းဝင်မှုသည် မောင်နှမရင်းချာဆက်ဆံရေးအဆင့်အထိတိုးမြင့်လာစေရေး၊ နှစ်နိုင်ငံနယ်နိမိတ်တိုင်းတာရေးကိစ္စရပ်များ ဆောင်ရွက်ရန်အတွက်

နှစ်နိုင်ငံပူးတွဲ နယ်နိမိတ်ကော်မတီ အစည်းအဝေးများ မြန်မာနိုင်ငံတွင် အမြန်ဆုံး ကျင်းပနိုင်ရေး၊ နှစ်နိုင်ငံအကျိုး ဖြစ်ထွန်းစေမည့် ထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောက်မှုလုပ်ငန်းများအရှိန် အဟုန်မြှင့် ဆောင်ရွက်ရေး၊ နှစ်နိုင်ငံရဲတပ်ဖွဲ့များအကြား လေ့ကျင့်ရေးဆိုင်ရာအစီအစဉ်များ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး နှင့် ထိုင်းနိုင်ငံမှ နေရပ်သို့ ပြန်လာလိုသည့် ၁၉၆ဦးအား မူရင်းနေရပ်သို့ ပြန်လည်ခေါ်ယူရန် မြန်မာနိုင်ငံအစိုးရကကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ စေလွှတ်၍နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ ဆောလျင်စွာ ဆောင်ရွက်ပြီးမူလ ဒေသများသို့ ပြန်လည်ပို့ဆောင်နေရာချထားရေးတို့ ဖြစ်သည်ဟု ဦးဇော်ဌေးက ဖြည့်စွက် ပြောကြားသည်။

ထို့ပြင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိမိ၏ ထိုင်းခရီးစဉ်တွင် ထိုင်းအရာရှိများ အလုပ်မှ ထုတ်ပယ်ခံရသော ကိစ္စအပေါ် မိမိကြောင့် အလုပ်ထုတ်ခံရခြင်းဖြစ်ရသည်ကို မလိုလားကြောင်း၊ မိမိကြောင့် ၎င်းတို့ ဒုက္ခရောက်ရသည်မျိုး မဖြစ်စေလိုကြောင်း ၊ ထိုကိစ္စအတွက် စိတ်မကောင်း ဖြစ်ရကြောင်း ထိုင်း ဒုတိယ ဝန်ကြီးချုပ်အား ပြောခဲ့သည်။

ဗိုလ်ချုပ်ကြီးပရာဝစ် (တ်) ဝုန်ဆူဝန်က ခရီးစဉ်ကြောင့် မဟုတ်ဘဲ လူကုန်ကူးမှုကို စုံစမ်းစစ်ဆေးရာတွင် ထို အရာရှိများ ပါဝင်နေကြောင်းပေါ်ပေါက်လာသဖြင့် တည်ဆဲ ဥပဒေအရ ထုတ်ပစ်ခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဦးဇော်ဌေးက ပြောသည်။

ထိုင်းဒုတိယ ဝန်ကြီးချုပ်က မြန်မာနိုင်ငံ သမ္မတအား တွေ့ဆုံရာတွင်လည်း သမ္မတဦးထင်ကျော်က နှစ်နိုင်ငံ ပြည်သူများ ကူးလူးဆက်ဆံ သွားရောက် လုပ်ကိုင်သည့် အခါ ထိုင်းနိုင်ငံ၏ တည်ဆဲဥပဒေများကို မြန်မာ လုပ်သားတို့ လေးစား လိုက်နာမှု ရှိရန် မြန်မာအစိုးရဘက်က ကြပ်မတ်ပေးမည်ဖြစ်ကြောင်း သို့ရာတွင် တစ်ခါတစ်ရံ အကြောင်းကြောင်းကြောင့် ဖြစ်တတ်သည့် ကိစ္စများကို နားလည်ပေးရန်၊ ထိုင်းရောက် မြန်မာလုပ်သားအချို့အမှားအယွင်းများရှိခဲ့ပါကနားလည်ပေးရန်ပြောကြားခဲ့ရာ ဗိုလ်ချုပ်ကြီးပရာဝစ်(တ်) ဝုန်ဆူဝန်က ထိုင်းနိုင်ငံတွင် မြန်မာလုပ်သားပေါင်း တစ်သန်းကျော် ရှိနေပြီး မှုခင်း ဖြစ်ပွားမှုမှာ တစ်ရာကျော်သာ ရှိသောကြောင့် ထိုင်းရောက် မြန်မာများ၏ မှုခင်းဖြစ်ပွားမှုနှုန်းမှာ စိုးရိမ်လောက်အောင် မများကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ဗိုလ်ချုပ်ကြီးပရာဝစ်(တ်) ဝုန်ဆူဝန်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရာတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ၊ ဦးသိန်းဆွေ နှင့် ဒုတိယဝန်ကြီး ဦးကျော်တင်တို့ တက်ရောက်ကြပြီး နိုင်ငံတော်သမ္မတ နှင့် အတူ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်တို့တက်ရောက်ခဲ့ကြသည်။ (Xinhua )