Connect with us

Politics, Law & Military

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၌ ကျပ်သိန်း ၆၄,၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

မရမ်းချောင်စစ်ဆေးရေးဂိတ် ရှောင်လမ်းဘေးရှိ ရာဘာခြံအနီးတွင် ဖမ်းဆီးရမိခဲ့သော သက်သေခံပစ္စည်းများအား တွေ့ရစဉ်(ဓာတ်ပုံ - CCDAC Myanmar)

ရန်ကုန် ၊ ဩဂုတ် ၁၂ ရက်(ဆင်ဟွာ)

မွန်ပြည်နယ်၊ ကျိုက်ထို မြို့နယ်၌ မော်တော်ယာဉ်တစ်စီးပေါ်တွင် ကြက်သွန်အိတ်များအတွင်း ရောနှောသိုဝှက် သယ်ဆောင်လာသော ငွေကျပ်သိန်းပေါင်း ၆၄,၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ တွေ့ရှိသိမ်းဆည်း ရမိခဲ့ပြီး ကွင်းဆက် ပေါ်ပေါက်ချက်အရ ပူးပေါင်းပါဝင်သူများအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးအလွဲသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။ 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ  သြဂုတ် ၁၀ ရက်တွင် ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်စစ်ဆေးရေးဂိတ် ရှောင်လမ်းဘေးရှိ ရာဘာခြံအနီးတွင် မော်တော်ယာဉ် ၂ စီးနှင့်အတူတွေ့ရှိသူ ပင်လောင်းမြို့နယ်၊ ထိတလိကျေးရွာ နေသူ တစ်ဦး နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၁)ရပ်ကွက်နေတစ်ဦးတို့အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ရှိ ကြက်သွန်အိတ်များအတွင်း ရောနှောသိုဝှက်သယ်ဆောင်လာသော ပလတ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၉၀,၀၀၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ်သိန်း ၆၄,၅၀၀ )နှင့် လက်ကိုင်ဖုန်း ၄ လုံးအား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။ 

ကွင်းဆက်ပေါ်ပေါက်ချက်အရ အဆိုပါစိတ်ကြွရူးသွပ် ဆေးပြားများအားသယ်ဆောင်ရာတွင်ပူးပေါင်းပါဝင်သူ နှစ်ဦးအား ဩဂုတ် ၁၁ ရက်တွင် ရန်ကုန်မြို့ ဒဂုံမြို့သစ်(မြောက်ပိုင်း)၌ ထပ်မံ ဖမ်းဆီးရမိခဲ့ပြီး သိမ်ဇရပ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း နှင့် ကွင်းဆက်များအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  (Xinhua)