Connect with us

Politics, Law & Military

ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ် ၂၆ ဦး အမည်စာရင်း ကော်မရှင် ထပ်မံကြေညာ

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ရန်ကုန်မြို့ရှိ မဲရုံတစ်ခု၌ ဆန္ဒမဲများ ရေတွက်နေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

လွှတ်တော်အသီးသီးအတွက် ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ် ၂၆ ဦး၏ အမည်စာရင်းများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)က ယနေ့ နေ့လည်ပိုင်းတွင် ထပ်မံထုတ်ပြန်ခဲ့ရာ လက်ရှိအချိန်ထိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကိုယ်စားလှယ် ၆၉ ဦး ၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် ၃ ဦး နှင့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ် ၁ ဦး အသီးသီးအနိုင်ရရှိထားကြောင်း သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)က ယနေ့ နေ့လည်ပိုင်း ထပ်မံထုတ်ပြန်မှုတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် ကယားပြည်နယ် မယ်စဲမြို့နယ် ၊ ချင်းပြည်နယ် တီးတိန်မြို့နယ် ၊ ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် ၊ ထန်းတပင်မြို့နယ် ၊ မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ် ၊ ဆင်ပေါင်ဝဲမြို့နယ် ၊ သရက်မြို့နယ် ၊ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ၊ ဇမ္ဗူသီရိမြို့နယ် ၊ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ၊ ချောင်းဆုံမြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် ၊ ဧရာတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် တို့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည့် ကိုယ်စားလှယ်လောင်း ၁၃ ဦးတို့သည် အဆိုပါ သက်ဆိုင်ရာ မဲဆန္ဒနယ်များ၏ လွှတ်တော်ကိုယ်စားလှယ်များ အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ ဖြစ်ကြောင်း ကြေညာခဲ့သည်။

အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁၂ တွင် NLD ကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည့် ကိုယ်စားလှယ်လောင်း ၁ ဦးကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြောင်း ဖြည့်စွက် ဖော်ပြထားသည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်တွင် ချင်းပြည်နယ် ဟားခါး မဲဆန္ဒနယ် အမှတ်(၁) ၊ ပဲခူးတိုင်းဒေသကြီး ထန်းတပင် မဲဆန္ဒနယ် အမှတ်(၁) နှင့် အမှတ်(၂) ၊ မကွေးတိုင်းဒေသကြီး မင်းတုန်း မဲဆန္ဒနယ် အမှတ်(၁) နှင့် အမှတ်(၂) ၊ သရက် မဲဆန္ဒနယ် အမှတ်(၁) နှင့် အမှတ်(၂) ၊ ရန်ကုန်တိုင်းဒေသကြီး အလုံ မဲဆန္ဒနယ် အမှတ်(၁) နှင့် အမှတ်(၂) ၊ ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်း မဲဆန္ဒနယ် အမှတ်(၁) နှင့် အမှတ်(၂) တို့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည့် ကိုယ်စားလှယ်လောင်း ၁၁ ဦးတို့သည် အဆိုပါမဲဆန္ဒနယ်များ၏ လွှတ်တော်ကိုယ်စားလှယ်များ အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ ဖြစ်ကြောင်း ကြေညာခဲ့ပြီး ချင်းပြည်နယ် ဟားခါး မဲဆန္ဒနယ် အမှတ်(၂)တွင် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည့် ကိုယ်စားလှယ်လောင်း ၁ ဦးသည် လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်တင်မြှောက်ခံရကြောင်း ကြေညာခဲ့သည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လစ်လပ်မဲဆန္ဒနယ် စုစုပေါင်း ၁၁၁၇ နယ် ရှိသည့်အနက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၂၆၀ ဦး အပါအဝင် နိုင်ငံရေးပါတီ ၈၇ ခု မှ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၅,၆၃၉ ဦးပါဝင်ယှဉ်ပြိုင်ကြခဲ့ပြီး ဆန္ဒမဲပေးခွင့် ရှိသူ မဲဆန္ဒရှင် ၃၇ သန်းကျော် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.