Connect with us

Politics, Law & Military

အပေးအယူ အလျှော့အတင်း လုပ်ရဲမှသာ နိုင်ငံရေး စားပွဲဝိုင်းထဲ ဝင်သင့်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဥက္ကဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အဖွင့်အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

 

နေပြည်တော်၊ မတ်လ ၁၂ ရက် (ဆင်ဟွာ)

ငြိမ်းချမ်းရေး ဖြစ်စဉ်များ ဆောင်ရွက်ရာတွင် မိမိတို့လိုလားချက် ရာနှုန်းပြည့် ရမှ ပူးပေါင်း ပါဝင် ဆောင်ရွက်မည် ဆိုသည့် ခံယူချက်မျိုးနှင့် စေ့စပ် ညှိနှိုင်း၍ ရနိုင်မှာ မဟုတ်ကြောင်း၊ အလျှော့အတင်း လုပ်ရဲမှသာ နိုင်ငံရေး စားပွဲဝိုင်းထဲ ဝင်ဖို့ သင့်လျော်မှာ ဖြစ်သကဲ့သို ့ နိုင်ငံရေး စားပွဲဝိုင်းထဲ ဝင်ထိုင် ပြီးမှတော့ အပေးအယူ အလျှော့အတင်း လုပ်နိုင်အောင် ကြိုးစားကြရမည်ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဥက္ကဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောကြားခဲ့သည်။

နေပြည်တော် NRPC ၌ ပြုလုပ်သည့် (၁၈)ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေး အဖွင့် အမှာစကားတွင် ၎င်းကအထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်ပြီး  ကမ္ဘာ့ငြိမ်းရေး ဖြစ်စဉ်များကို ကြည့်ပါက နောက်ခံ အခြေအနေများ ကွာခြားချက်အရ စိန်ခေါ် မှုများ ကွဲပြား ခြားနားနေသော်လည်း တူညီသည့်အချက်မှာ ငြိမ်းချမ်းရေး ဖြစ်စဉ် အောင်မြင်ဖို့အတွက် ပါဝင်သူ အစုအဖွဲ့အားလုံး၏ သဘောထားကြီးမှု၊ စိတ်ရှည် သည်းခံမှု၊ တီထွင် ဖန်တီးနိုင်မှု၊ ပြသနာ များ ကိုင်တွယ် ဖြေရှင်းနိုင်မှုနှင့် နိုင်ငံရေး စိတ်ရင်း စေတနာများက အဓိက ကျသည်ကို တွေ့ရှိရ ကြောင်း၊ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ပျက်ပြားစေချင်လျှင် နှောင့်နှေးစေချင်လျှင် ပါဝင်သည့် အစုအဖွဲ့ တစ်ဖွဲ့က ဖန်တီး ဖျက်ဆီးနိုင်သော်လည်း ထိုဖြစ်စဉ် အောင်မြင်ရန်မှာ ပါဝင်သူ အစုအဖွဲ့အားလုံးက ပူးပေါင်း ဆောင်ရွက်မှသာ အောင်မြင်မှာဖြစ်ကြောင်း၊ အစုအဖွဲ့တစ်ဖွဲ့အနေဖြင့် ကိုယ့် လိုလားချက် များကို ရာနှုန်းပြည့် ရရှိနိုင်မည် မဟုတ်သည်ကိုသတိချပ်စေလိုကြောင်း၊ နိုင်ငံရေး ဆွေးနွေးပွဲများ အောင်မြင်ရန်အတွက် UPDJC အနေဖြင့် မျှတသည့် အပေးအယူ အလျှော့အတင်းကို အခြေခံပြီး စည်းလုံး ညီညွတ်မှုကို တည်ဆောက်နိုင်ရန်အထူးအရေးကြီးကြောင်း၊ ထို့ကြောင့် အပြုသဘော ဆောင်သည့် ပူးပေါင်းဆောင်ရွက်မှု၊ ပင်လုံ စိတ်ဓာတ်ကို အခြေခံသည့် ပူးပေါင်း ဆောင်ရွက်မှုဖြင့် ရှေ့ဆက်သွားကြရန် တိုက်တွန်းလိုပါကြောင်း လည်း ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) ဥက္ကဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ခဲ့သည်။

(၁၈)ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

၂၀၁၈ ဇူလိုင်လ၌ ကျင်းပခဲ့သည့် (၁၇)ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော် မတီ (UPDJC) အစည်းအဝေး နောက်ပိုင်း တစ်နှစ်ခွဲကျော်အကြာတွင် ယခု (၁၈)ကြိမ်မြောက် ပြည် ထောင်စု ငြိမ်း ချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို ကျင်းပခြင်း ဖြစ်ပြီး ထိုအစည်းအဝေးသို့ အစိုးရ၊ တပ်မတော်နှင့် လွှတ်တော် အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်များ အစုအဖွဲ့နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဒုတိယ ဥက္ကဌနှစ်ဦး ဖြစ်သော ဒေါက်တာ ဆလိုင်း လျန်မှုန်းဆာခေါင်း နှင့် ဦးသုေ၀ တို့က အမှာစကားများ  အသီးသီး ပြောကြားခဲ့ ကြသည်။

ယနေ့ အစည်းအဝေးတွင် နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင်နှင့် ToR (Terms of Reference), SOP (Standard Operating Procedure) များကို တင်ပြခြင်းနှင့် အတည်ပြုခြင်းများ ရယူသွားမည် ဖြစ်ကြောင်း၊ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရေး နှင့် ကဏ္ဍအလိုက် လုပ်ငန်း ကော်မတီ အစည်းအဝေးများ ကျင်းပရေး တို့ကိုလည်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ ၂၁ ရာစု ဒုတိယ ပင်လုံ ညီလာခံအား ၂၀၂၀ ခုနှစ် ဧပြီလ မကျော်ခင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)