Connect with us

Politics, Law & Military

လျှပ်စစ်ဓာတ်အားလိုအပ်မှုများအတွက် ဓာတ်အားပေးစက်ရုံများ တည်ဆောက်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့် ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်အားစနစ် တိုးတက် ကောင်းမွန်ရေးတို့ အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)

ပြည်တွင်း၌ လျှပ်စစ်ဓာတ်အား လိုအပ်မှုများအတွက် ဓာတ်အားပေးစက်ရုံများ တည်ဆောက်သွားမည် ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်အားစနစ် တိုးတက် ကောင်းမွန်ရေးတို့ အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်က ပြောကြားသည်။

သုံးနှစ်အတွင်း လိုအပ်ချက်များကို ပြည့်မီရန် ဓာတ်အားပေးစက်ရုံများ ဆောင်ရွက်ရမည် ဆိုပါက LNG သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံများ ပင်ဖြစ်ပါကြောင်း၊ Gas to Power စီမံကိန်းများကို ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင် LNG သဘာဝ ဓာတ်ငွေ့ကိုအသုံးပြုပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ဆုံးဖြတ်ချက် ချဆောင်ရွက်နေပြီဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

Supply Side အနေဖြင့် Demand Forecast အရ ၂၀၂၀-၂၀၂၁ခုနှစ်တွင် မဂ္ဂါဝပ်(၆၀၀၀)ခန့် လိုအပ်ကြောင်း၊ လက်ရှိ ထုတ်လုပ်နိုင်မှုအရ(၃၀၀၀)မဂ္ဂါဝပ် လောက်သာရှိသဖြင့် နောက်ထပ် (၃၀၀၀) မဂ္ဂါဝပ်ခန့်လိုအပ်ကြောင်း ၎င်းက ဆိုသည်။

ထားဝယ်၊ ကံပေါက်ဒေသတွင် (၁၂၃၀)မဂ္ဂါဝပ်နှင့် ဧရာဝတီတိုင်း ဒေသကြီး၊ မီးလောင်ဂျိုင့်ဒေသတွင် (၁၃၉၀) မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံကြီး(၂)ရုံအား (၃)နှစ်အတွင်း တည်ဆောက်အကောင် အထည်ဖော်ဆောင်ရွက် သွားမှာဖြစ်ကြောင်း၊Transmission System ကိုလည်း မေ့ထား၍မရပါကြောင်း၊ Transmission System ကိုကောင်းမွန်အောင် ဆောင်ရွက်ထားရန် လိုကြောင်း၊ အရှေ့၊ အနောက်၊ တောင်၊ မြောက် (၅၀၀)ကေဗွီ ဓာတ်အားလိုင်းကွန်ရက် များကို လည်း ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း ၎င်းကဆိုသည်။

မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်နှင့်ပတ်သက်လျှင် Installed Capacity (၅၀၀၀)ခန့်ကို ဓာတ်အားပေးစက်ရုံ (၅၂)ရုံမှ ထုတ်လုပ်ပေးလျက် ရှိကြောင်း၊ မြန်မာ တစ်ပြည်လုံး သန်းခေါင်စာရင်းအရ အိမ်ထောင်စုပေါင်း (၁၀)သန်းကျော် တွင် လျှပ်စစ်မီးအသုံးပြုနေသည့် အိမ်ထောင်စုပေါင်း (၄)သန်းကျော် ရှိသည့်အနက် ရန်ကုန်မြို့သည် (၁ဒသမ၃) သန်းခန့် အသုံးပြုလျက် ရှိသည့်အတွက် လျှပ်စစ်ဓာတ်အားရရှိရေး အလေးပေး ဆောင်ရွက်ရန် လိုကြောင်း ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်က ပြောကြားသည်။

ထားဝယ်၊ ကံပေါက်ဒေသတွင် (၁၂၃၀)မဂ္ဂါဝပ် LNG ဓာတ်အားပေး စက်ရုံကြီး တည်ဆောက် အကောင်အထည် ဖော်သွားမည်ဖြစ်သည့် အတွက် မိမိတို့ တိုင်းပြည်တွင် မရှိဘူးသေးသည့် တောင်ပိုင်း ဓာတ်အားကွန်ရက်စနစ်အနေဖြင့် စတင် ထူထောင်နိုင် မည်ဖြစ်ကြောင်း၊ ထားဝယ်၊ ကံပေါက်ဒေသမှ ပဲခူး၊ ဘုရားကြီးအထိ ကီလိုမီတာ (၄၅၀)ရှည် လျားသည့် (၅၀၀)ဗို့ ဓာတ်အားလိုင်းကြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါက တနင်္သာရီ တိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးအတွက် များစွာပင် အကျိုးရှိမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

အနောက်ဘက် ဓာတ်အားကွန်ရက်စနစ်အနေဖြင့် မြန်မာပြည် အနောက်ပိုင်း ကျောက်ဖြူဒေသမှ ထွက်ရှိလာမည့် ကမ်းလွန် ဓာတ်ငွေ့အလားအလာကို မျှော်မှန်း၍ ဓာတ်အားပေး စက်ရုံတစ်ခု တည်ဆောက်ဖို့ရည်ရွယ်ပြီး ဧရာဝတီတိုင်းဒေသကြီး မီးလောင်ဂျိုင့်တွင် (၁၃၉၀) မဂ္ဂါဝပ် LNG ဓာတ်အားပေးစက်ရုံတစ်ရုံကိုလည်း တည်ဆောက် သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.