Connect with us

Politics, Law & Military

အခြေခံဥပဒေ ပြင်ဆင်ရေး အစည်းအဝေးများ ရှေ့သီတင်းပတ်တွင် ပြန်စမည်

နေပြည်တော်၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ)

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီသည် ၎င်း၏ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆိုင်ရာ အစည်းအဝေးများကို ဒုတိယအကြိမ် လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန် အစည်းအဝေးများ ပြန်မစတင်မီ ရက်သတ္တ တစ်ပတ် စောပြီး ဧပြီ ၂၂ ရက်နေ့တွင် ပြန်လည် စတင်မည်ဖြစ်ကြောင်း သိရသည်။

“လာမယ့် ဧပြီ ၂၂ ရက်နေ့မှာ ၄၅ ယောက်အဖွဲ့က စပြီး အစည်းအဝေးထိုင်မယ်၊ ပုဒ်မ ၄၃၆ မှာ ပါတဲ့ စာသားတွေ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်အားလုံး၊ တပ်မတော်သား ကိုယ်စားလှယ်အားလုံး အပါအဝင် ပါတီပေါင်းစုံရဲ့ အကြံပြုချက်အားလုံးကို လွှတ်တော်ကို တင်ပြပြီးတော့ လွှတ်တော်ထဲက နေပဲ ဆွေးနွေး ဆုံးဖြတ်သွားမှာပါ။ ဘယ်ဥစ္စာက ပိုပြီးတော့ ဖြစ်သင့်သလဲ၊ မဖြစ်သင့်သလဲ ဆိုတာ ကိုလည်း လွှတ်တော်ထဲကပဲ ဆွေးနွေးမှာပါ၊ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီရဲ့ အကြံပြုချက်တွေကို လာမယ့် မေလထဲမှာ လွှတ်တော်ကို တင်ပြတော့မှာ ဖြစ်ပါတယ်” ဟု ပြည် ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ပြည်ကြီးတံခွန် မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးလင်းက ဆင်ဟွာကို ပြောသည်။

“၄၅ ဦးအဖွဲ့ကတော့ ဘယ်ဟာကို ပြင်သင့်သလဲ ဆိုတာလောက်ပဲ တင်ပြပေးမှာပါ။ တချို့ပုဒ်မ တွေက ပြင်ဖို့ မဖြစ်နိုင်ဘူး ဆိုတာထက်ကို အကြံပြုချက်တွေအပေါ်မှာလည်း မူတည်မှာပေါ့။ ပါတီပေါင်းစုံရဲ့ အကြံပြုချက်တွေ၊ တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ အကြံပြုချက်တွေ ပါမယ်၊ အားလုံးရဲ့ အကြံပြုချက်တွေအပေါ် မူတည်ပြီး လွှတ်တော်မှာ ဆွေးနွေး ဆုံးဖြတ်ရမှာပါ။ ဘယ်ဟာက တော့ ပြင်သင့်ပါတယ်၊ ဘယ်ဟာကတော့ ဒီအတိုင်းပဲ ထားသင့်ပါတယ်၊ ဘယ်ဟာတွေကတော့ ပယ်ဖျက်သင့်ပါတယ် ဆိုတဲ့ အကြံပြုချက်တွေအပေါ် မူတည်ပြီး လွှတ်တော် ကိုယ်စားလှယ် အားလုံးက ဆွေးနွေး ဆုံးဖြတ် အတည်ပြုမှာပါ။ ဘယ်အရာကိုမှ လွယ်လွယ်ကူကူ လုပ်လို့ မရနိုင်ပါ ဘူး၊ အားလုံးက ခဲရာခဲဆစ် လုပ်ကြရမှာပဲ၊ လူတွေရဲ့ ပြင်ဆင်လိုတဲ့ စိတ်စေတနာ ပေါ်မှာလည်း မူတည်နေပါတယ်” ဟုလည်း ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူးက ရှင်းလင်း ဖြေကြားခဲ့သည်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် အဖွဲ့ဝင်၄၅ ဦးဖြင့် စတင် ဖွဲ့စည်းခဲ့သည် ‘ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ’ သည် ဖွဲ့စည်းပြီးနောက်ပိုင်း သြင်္ကန် မတိုင်မီအထိ အစည်းအဝေး ကိုးကြိမ် (ဖေဖော်ဝါရီလထဲတွင် နှစ်ကြိမ်၊ မတ်လတွင် ခုနစ်ကြိမ်) ကျင်းပခဲ့ပြီး လာမည့် ဧပြီ ၂၂ ရက်နေ့တွင် ပြန်လည် စတင်မည့် အစည်းအဝေးသည် ကော်မတီ၏ (၁၀)ကြိမ်မြောက် အစည်းအဝေး ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.