Connect with us

Politics, Law & Military

အစိုးရသစ် ဖွဲ့စည်းရေး နှင့် တာဝန် လွှဲပြောင်းရေး ဖြစ်စဉ် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျှက် ရှိကြောင်း နိုင်ငံတော်သမ္မတက ပြည်သူများထံ သဝဏ်လွှာပေးပို့

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

အစိုးရသစ်ဖွဲ့စည်းရေး နှင့် တာဝန်လွှဲပြောင်းရေး ဖြစ်စဉ် အတွက် ညင်သာချောမွေ့သည့် တာဝန် လွှဲပြောင်းရေး ဖြစ်စဉ်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း နိုင်ငံတော် သမ္မတ ၊ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်က ဒီဇင်ဘာ ၅ ရက်တွင် နိုင်ငံတစ်ဝန်းရှိ ပြည်သူများထံ ပေးပို့သည့် သဝဏ်လွှာ၌ ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတော် သမ္မတသည် နိုဝင်ဘာလ နှင့် ဒီဇင်ဘာ ပထမပတ် အတွင်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သတ်၍ ပြည်သူများထံ သဝဏ်လွှာ ပေးပို့ခြင်းဖြစ်ပြီး နိုင်ငံဖြတ်သန်းနေရသည့် အနေ အထားအရ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဆက်လက် အောင်မြင်ရန် နှင့် တည်ငြိမ်အေးချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး ဆိုသည့် ကိစ္စရပ်များ သည်လည်း အစိုးရတိုင်းက အလေးထား စဉ်းစားရမည့် ကိစ္စရပ်များ ဖြစ်ကြောင်း အဆိုပါ သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အစိုးရ အပြောင်းအလဲ ဖြစ်စဉ် အောင်မြင် ချောမွေ့စေရန် အစိုးရ အဖွဲ့အစည်း အားလုံးနှင့် ဝန်ထမ်းအားလုံးကို လိုအပ်သည့် ညွှန်ကြားချက်များ ပေးကာ အစီအမံများကို စနစ်တကျ ဆောင်ရွက်လျှက် ရှိပြီး ယင်းဖြစ်စဉ်ကို ဥပဒေများ ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြီးခဲ့သည့် ဒီဇင်ဘာ ၂ ရက်တွင် တွေဆုံ ဆွေးနွေးခဲ့ခြင်းကိုလည်း ထည့်သွင်း ပြောကြားခဲ့ပြီး ယခုကဲ့သို့ အချိန်ကာလမျိုးတွင် နိုင်ငံရေး တည်ငြိမ်မှုရှိရန် အထူးအရေးကြီး သည့်အတွက် နိုင်ငံရေးအင်အားစုများ အားလုံးအနေဖြင့်လည်း ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ငြိမ်းချမ်းရေး တည်ဆောက် မှုဖြစ်စဉ် နှင့် ပတ်သက်၍ နိုင်ငံရေးဆွေးနွေးပွဲများအတွက် လိုအပ်သည့် နိုင်ငံရေးဆွေးနွေး မှုဆိုင်ရာ မူဘောင်ကိုလည်း နိုင်ငံရေး အင်အားစုအားလုံး ပူးပေါင်းပါဝင်သည့် ကော်မတီသည် ကြိုးပမ်းဆောင်ရွက် လျက်ရှိပြီး ယင်းမူဘောင်ကို မကြာမီ ရက်အနည်းငယ်အတွင်း အပြီးသတ် ရေးဆွဲနိုင်တော့မည်ဟု အသိပေးပြောကြားခဲ့သည်။

ထ့ိုပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ သဘောတူရေးဆွဲထားသော တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသည့်အဖွဲ့များ အနေဖြင့် ပဋိပက္ခဖြစ်ပွားရာဒေသများရှိ ပြည်သူများ၏ဘဝများကို ထည့်သွင်း စဉ်းစားပြီး အမြန်ဆုံးပါဝင် လက်မှတ်ရေးထိုးကြရန် နှင့် စေ့စပ်ဆွေးနွေး ညှိနှိုင်းရေး နည်းလမ်းကို စွဲကိုင်ပြီး မိမိတို့၏ နိုင်ငံရေးလိုလားချက်များကို ဆွေးနွေးနိုင်ရန်အတွက် နိုင်ငံရေးဆွေးနွေးပွဲများတွင် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဖားကန့်ဒေသတွင် ဖြစ်ပွားခဲ့သည့် မြေပြိုကျမှုများ နှင့် ပတ်သက်၍ ယခုကဲ့သို့ အန္တရာယ် များသည့် လုပ်ငန်းခွင်များအတွက် မူဝါဒဆိုင်ရာများကို ပြန်လည်သုံးသပ်ရန် လိုနေပြီဆိုသည်ကို သင်ခန်းစာ ရယူရမည်ဖြစ်ကြောင်း ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ အကာအကွယ် ကိရိယာအစုံ အလင်ရှိရေးနှင့် အလျင်အမြန် ကယ်ဆယ်ရေးဆောင်ရွက်နိုင်ရေးစသည့် ထိန်းကျောင်းမှုများ၊ စည်းကမ်းများကိုလည်း အထူး တင်းကြပ်ရ မည်ဖြစ်ကြောင်း ၊ ကျန်ရစ်သူ မိသားစုများအတွက်လည်း ဆောင်ရွက်ရမည့် အစီအမံများကို ဒေသ အာဏာ ပိုင်များအနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတော် သမ္မတက ပြည်တွင်း ငြိမ်းချမ်းရေး ရရှိစေရန် လည်းကောင်း၊ ပြည်သူများ၏ စီးပွားရေး ပြန်လည်ဖွံ့ဖြိုး တိုးတက် လာစေရန် လည်းကောင်း၊ မျိုးဆက်သစ်လူငယ်များအတွက် ပိုမို ကောင်းမွန်သည့် အနာဂတ်များ ဖန်တီး ပေးနိုင်စေရန် လည်းကောင်း တစိုက်မတ်မတ် ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်းကို သဝဏ်လွှာ ပေးပို့အပ်ပါကြောင်း ပြောကြားခဲ့သည်။ (Xinhua)