Connect with us

Politics, Law & Military

၂၀၁၅ အထွေထွေရွေးကောက်ပွဲပြီး တစ်နှစ်ကြာကာလတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများ

ပြည်ထောင်စုလွှတ်တော် နာယကရှေ့တွင် နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ ကတိသစ္စာပြုနေစဉ်(ဓာတ်ပုံ- ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ရက်နေ့က ကျင်းပခဲ့သော ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံရေး ပါတီ ၉၁ ပါတီမှ ကိုယ်စားလှယ်လောင်း ၅,၇၂၈ ဦးနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၃၁၀ ဦး အပါအဝင် စုစုပေါင်း ၆,၀၃၈ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ ပြည်သူ ၃၃ သန်းခန့်ရှိသည့်အနက် ယင်းပြည်သူအများစုက ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကို ထောက်ခံရွေးချယ်မှုကြောင့် NLDပါတီသည် လွှတ်တော်နှစ်ရပ်၌ ၇၉ ရာခိုင်နှုန်း ထိ အနိုင်ရလာခဲ့သည်။

ယနေ့ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲပြီးမြောက်ကာ တစ်နှစ်တိတိ ပြည့်လာပြီဖြစ်သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မဲရုံတွင် ဆန္ဒမဲလာရောက်ထည့်နေသူများကို တွေ့ဆုံစဉ်(ဆင်ဟွာ)

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့တွင် ဒုတိယအကြိမ် လွှတ်တော်များကို စတင်ခဲ့ချိန်တွင် လွှတ်တော်အသစ်နှင့် ယခင် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲနိုင် အစိုးရ အုပ်ချုပ်ရေးယန္တရားနှင့် တွေ့ဆုံခဲ့သော်လည်း လွှတ်တော်လုပ်ငန်း တာဝန် များနှင့် အစိုးရအုပ်ချုပ်ရေး ယန္တရားများ ပုံမှန် လုပ်ဆောင်သွားနိုင်ခဲ့သည်။

ရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအဖွဲ့ကို ၂၀၁၆ ခုနှစ် မတ်လ ၃၁ရက်နေ့တွင် တရားဝင် အာဏာလွဲပြောင်းပေးခဲ့ပြီး အစိုးရသစ်၏ လုပ်ငန်းတာဝန်များသည် ဧပြီလတွင် စတင်လာခဲ့သည်။

“ပြောင်းလဲချိန်တန်ပြီ”ဟု ကြွေးကြော်မဲဆွယ်စည်းရုံးခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်အပေါ် အခြေခံပြည်သူများသည် ကုန်ဈေးနှုန်းကျဆင်းရေး၊ ကောင်းမွန်သော ပညာရေးစနစ်ရရှိရေး၊ သက်သာသော ကျန်းမာရေး စောင့်ရှောက်မှုစသည့် မျှော်လင့်ချက်ကြီးမားခဲ့ကြသည်။

အုပ်ချုပ်ရေး

ကျွန်ုပ်(——)သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိရိုသေပြီး ပြည်ထောင်စုမပြိုကွဲရေး၊တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ထာဝစဉ်ဦးထိပ်ပန်ဆင် ဆောင်ရွက်ပါမည်ဟု ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၆၅)အရ နိုင်ငံတော် သမ္မတ ဦးထင်ကျော်၊ဒုတိယ သမ္မတများဖြစ်သော ဦးမြင့်ဆွေနှင့် ဦးဟန်နရီဗန်ထီးယူ အသီးသီးတို့က မတ် ၃၀ရက်နေ့က ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း ရှေ့မှောက်တွင် ကတိသစ္စာပြုခဲ့ကြသည်။

နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတတို့ ကတိသစ္စာပြုပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန၂၂ခုအတွက် ဝန်ကြီးများလည်း အသီးသီး တာဝန်များကို ကတိသစ္စာပြုပြီးနောက် စတင်ထမ်းဆောင်လျက်ရှိသည်။

ရွေးကောက်ပွဲပြီး တစ်နှစ်တာအတွင်း အုပ်ချုပ်ရေးကဏ္ဍ အပြောင်းအလဲနှင့် ပတ်သတ်ပြီး“ဥပဒေပြုရေးဆိုတော့ လွှတ်တော်အခန်းကဏ္ဍပေါ့ ဒီဟာတွေပြောင်းလဲမှုဟာ ပုံမှန်ပြောင်းလဲမှုနဲ့သွားနေတယ်၊ အုပ်ချုပ်ရေးအပိုင်းက အရမ်းကို ပြောင်းလဲတယ်၊ တရားစီရင်ရေးလဲ ပုံမှန်ပြောင်းလဲနေတယ်၊ မီဒီယာအခန်းကဏ္ဍကလဲ ပုံမှန်ပါပဲ”ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ ပွင့်ဆန်းက ပြောကြားသည်။

အစိုးရသစ်၏ အုပ်ချုပ်ရေးစနစ်ကို နိုင်ငံတော်အသုံးစရိတ် သက်သာနိုင်ရန်နှင့် စွမ်းဆောင်ရည် ပြည့်၍ ကျစ်လစ်သော အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရန် ဝန်ကြီးဌာနများကို လျှော့ချသွားမည် ၊အဂတိကင်းစင်သော လူ့အသိုင်းအဝိုင်း ဖော်ဆောင်ရန် လိုအပ်သကဲ့သို့ ထိရောက်စွာ ဆောင်ရွက်မည်၊ ပြည်သူလူထုအကျိုးကို ရှေးရှုသည့် ဥပဒေများကို လိုအပ်သကဲ့သို့ ပြင်ဆင်ပြဋ္ဌာန်းမည် ၊ တရားမျှတပြီး ဘက်လိုက်မှုကင်းသည့် တရားစီရင်ရေးစနစ်ကို ထူထောင်မည် ၊တရားဥပဒေ စိုးမိုးရေးကို အထောက်အကူဖြစ်စေမည့် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးစနစ် ပေါ်ပေါက်ရန် ဆောင်ရွက်မည် ၊ ပြည်သူလူထု ရသင့်ရထိုက်သော လွတ်လပ်မှုနှင့် လုံခြုံမှုကို ထိပါးစေသည့် ဥပဒေများအား ဖျက်သိမ်းမည် နှင့် အခြေခံဥပဒေက အာမခံထားသော အခွင့်အရေးများကို ထိရောက်စွာ ကာကွယ်၍ ခေတ်နှင့် အညီမြှင့်တင်သွားမည် ဟု မူဝါဒချမှတ် ဆောင်ရွက်လျက်ရှိသည်။

တရားဥပဒေစိုးမိုးရေး

ပြည်သူများ ရွေးချယ်တင်မြှောက်သော အစိုးရသစ် တက်ရောက်လာလျှင် တရားမျှတပြီး ဘက်လိုက်မှုကင်းမည့် တရားစီရင်ရေးစနစ် ထူထောင်နိုင်မည်ဟု ပြည်သူများ ယုံကြည်ချက်သည် ထင်သလောက် ပြောင်းလဲမှုမရှိသေး ကြောင်း ဝေဖန်ထောက်ပြမှုများရှိလာသည်။

“ အချိန်တော်တော်ကြာကြာ ဖြစ်လာခဲ့တဲ့ တရားဥပဒေနဲ့ ပတ်သက်လို့ ချက်ချင်းကြီး အားလုံးကို ကျွန်တော်တို့ ပြောင်းလဲဖို့ သိပ်ခက်တယ်ဆိုတာ တကယ်လုပ်နေတဲ့လူတွေ အသိပါ၊ ကျွန်တော်တို့ ပြောင်းနေပါတယ်၊ တရားဥပဒေ ဘောင်အတွင်း ဘောင်အပြင် အားလုံးကို တဖြည်းဖြည်းချင်းလုပ်ဆောင်သွားမှာပါ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

တရားရေးမဏ္ဍိုင်သည် ဥပဒေပြု ရေးမဏ္ဍိုင်နှင့် အုပ်ချုပ်ရေးမဏ္ဍိုင်တို့နှင့် တူညီသော အဆင့်အတန်းဖြင့် လွတ်လပ်စွာ တည်ရှိစေရမည်။ အုပ်ချုပ်ရေးက တရားစီရင်ရေးအပေါ် လွှမ်းမိုးချုပ်ကိုင်မှု ကင်းရှင်းရမည်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် မိမိလက်အောက်ရှိ တရားရုံးများကို ကြီးကြပ်ကွပ်ကဲခြင်း၊ ပြုပြင်ထိန်းကျောင်းခြင်းတို့ကို လွတ်လပ်ပိုင်နိုင်စွာ လုပ်ပိုင်ခွင့်ရှိရမည်။ ဥပဒေအရ ကန့်သတ်ချက်များမှအပ တရားစီရင်မှုကို အများပြည်သူရှေ့မှောက်တွင် ဆောင်ရွက်ရမည်။ စွပ်စွဲခံရသူအား တရားဥပဒေနှင့်အညီ ခုခံချေပခွင့် အပြည့်အဝပေးရမည်။ တရားသူကြီးများသည် ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ခွင့်ရှိရန် လိုအပ်သည့် ကိစ္စများကို ဆောင်ရွက်မည်။ ဥပဒေအရ ပြစ်မှုထင်ရှားစီရင်ခြင်း မရှိသေးသမျှ မည်သူ့ကိုမဆို အပြစ်ကင်းသည်ဟု မှတ်ယူရမည်ဟူသော တရားရေးမဏ္ဍိုင်အတွက် မူဝါဒများ လုပ်ဆောင်လျက်ရှိသည်။

“နှစ်ပေါင်းများစွာ တရားရေးမဏ္ဍိုင် အားနည်းခဲ့တယ်၊ တရားရေးမဏ္ဍိုင်ဖြောင့်မတ်ဖို့ ဝန်ထမ်းတွေအတွက် အခြေခံလစာတွေကအစ တိုးမြှင့်ပေးဖို့တွေလိုလာမယ်၊ အဂတိလိုက်စားမှုကို အစိုးရသစ်ကိုင်တွယ်မယ်ဆိုရင် ဝန်ထမ်းတွေရဲ့ လစာအခြေအနေကို ပြင်ဆင်ဖို့လိုသလို ကုန်ဈေးနှုန်းကိုလည်း ထိန်းပေးရမယ်”ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ဆိုသည်။

ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးကျင်းပနေစဉ်(ဆင်ဟွာ)

လွှတ်တော်အခန်းကဏ္ဍ

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ၊ မြန်မာနိုင်ငံရင်းနှီးမြှုုပ်နှံမှု ဥပဒေ၊ အရေးပေါ်စီမံမှု အက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ၊ ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ၊ ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ၊ မန္တလေးမြို့တော် စည်ပင်သာယာရေးဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်သည့်ဥပဒေ၊ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်သည့်ဥပဒေ၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့်ဥပဒေ၊ ပြည်သူ့ကောင်စီဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ၊ နိုင်ငံတော်ကောင်စီဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ နှင့် နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှကာကွယ် စောင့်ရှောက်သည့် ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေများကို ပြင်ဆင်ပြဌာန်းနိုင်ခဲ့သည်။

“ ပြည်သူတွေ ထိခိုက်မယ့် အရာတွေနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ အရေးကြီးအဆိုချက်ချင်းတင်တယ်၊ ဆွေးနွေးကြတယ်၊ ဒီအစိုးရသစ်မှာ ပြည်သူတွေ လွှတ်တော်ကို ပိုအားရလာတယ်၊ ဥပမာပေးရရင် လူ့အခွင့်အရေးကော်မရှင်ကိစ္စဆို ချက်ချင်း ဆောင်ရွက်နိုင်တယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ၂၀၁၇ခုနှစ် ဧပြီ ၁ရက်နေ့တွင် လစ်လပ်မဲဆန္ဒနယ်များအတွက် ကြားဖြတ် ရွေးကောက်ပွဲကျင်းပမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော် ၉ နေရာ၊ အမျိုးသားလွှတ်တော် ၃ နေရာ၊ ယခင် ပြည်နယ်လွှတ်တော် ၇နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံ ကျင်းပစဉ်(ဆင်ဟွာ)

ပြည်တွင်းငြိမ်းချမ်းရေးကဏ္ဍ

NLD အစိုးရသက်တမ်း ၇လအတွင်း ငြိမ်းချမ်းရေးဆိုင်ရာကော်မတီ အရပ်ရပ်ကို ဖွဲ့စည်းတာဝန်ပေးမှု၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ကျင်းပမှုများပြုလုပ်လာနိုင်သည်။

အစိုးရသစ်လက်ထက်မှာ ယခင်အစိုးရ အုတ်မြစ်ချခဲ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သတ်ပြီး ၂၁ ရာစု ပင်လုံညီလာခံ(ခေါ်)ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကြီးကို သြဂုတ် ၃၁ ရက်နေ့မှ စက်တင်ဘာ ၃ရက်နေ့ထိ နေပြည်တော်၌ ကျင်းပနိုင်ခဲ့သည်။

အဆိုပါ ညီလာခံကြီးကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA)လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် ၈ဖွဲ့အပြင် လက်မှတ်ရေးထိုးထားခြင်းမရှိသော တိုင်းရင်းသားလက်နက်ကိုင် အချို့လည်းတက်ရောက်ခဲ့သည်။

“ညီလာခံမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့၊ ပါတီ ၊ နိုင်ငံရေးလေ့လာသူ အားလုံးရဲ့ ဆွေးနွေးတင်ပြချက်တွေကနေ ငြိမ်းချမ်းရေးကို ဆက်လက်သွားမှာပါ၊ ဒီညီလာခံကနေ အဖြေချက်ချင်း ထွက်မှာမဟုတ်ပါဘူး”ဟု ချင်းအမျိုးသားတပ်ဦးမှ ဒေါက်တာ ဆလိုင်းလျန်မုန်းဇာခေါင်က ပြောကြားသည်။

၂၁ရာစု ပင်လုံညီလာခံသည် ၁၉၄၇ခုနှစ်တွင် ကျင်းပခဲ့သော ၂၀ရာစုပင်လုံကဲ့သို့ နိုင်ငံ၏ သမိုင်းတွင် ဝံ့ကြွားစရာ၊ ဂုဏ်ယူစရာ၊ အားတက်စရာ အခမ်းအနားကြီးတစ်ခု၊ အခင်းအကျင်းကြီးတစ်ခု၊ ဖြစ်စဉ်ကြီးတစ်ခု ဖြစ်နိုင်ရန်အတွက် ဝိုင်းဝန်းကြိုးစားကြရန် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားထားသည်။

နိုင်ငံတော်၏ လိုအပ်ချက်ဖြစ်သော တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒအပေါ်ရပ်တည်ပြီး အဖွဲ့အစည်းမျိုးစုံနှင့် လက်တွဲဆောင်ရွက်နေကြောင်း၊

ဒီမိုကရေစီနည်းလမ်းတကျလုပ်ဆောင်နိုင်သည့် အခြေအနေတွင် လက်နက်စွဲကိုင်ပြီး မိမိလိုချင်တာကို တောင်းဆိုတာမျိုး၊ လက်နက်ကိုင် လမ်းစဉ်ကို ဖက်တွယ်ပြီး လူမျိုးစွဲ၊ ဒေသစွဲ ကြီးမားစွာဖြင့် မိမိတိုး၏ ဆန္ဒကိုသာ ဦးစားပေးဆောင်ရွက်နေတာမျိုးသည် ဒီမိုကရေစီ၏ ဆန့်ကျင့်ရာရောက်နေကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က ၂၁ရာစုပင်လုံညီလာခံ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

၂၁ရာစုပင်လုံညီလာခံကျင်းပပြီးနောက် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ ထိတွေ့မှုများရှိသဖြင့် ငြိမ်းချမ်းရေးလိုလားသူများက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဝေဖန်ထောက်ပြမှုများရှိသော်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်သော ငြိမ်းချမ်းရေးကော်မရှင် အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို အဓိက ဦးစားပေးဆောင်ရွက်လျက်ရှိသည်။

အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက်လည်း ပြည်ထောင် စုငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီ (UPDJC )အစည်းအဝေးများကိုလည်း ကျင်းပလျက်ရှိသည်။

(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117