Connect with us

Science & Technology

မော်လမြိုင်-ချောင်းဆုံ ၆၆ ကေဗွီ ဓာတ်အားခွဲရုံမှ ချောင်းဆုံဒေသသို့ ၂၄နာရီ လျှပ်စစ်မီး ပေးနိုင်မည်

မော်လမြိုင်-ချောင်းဆုံ ဓာတ်အားလိုင်း နှင့် ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော် သမ္မတဦးသိန်းစိန် တက်ရောက်လာစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

မွန်ပြည်နယ် ချောင်းဆုံမြို့၌ ၆၆ ကေဗွီ မော်လမြိုင်-ချောင်းဆုံ သံလွင်မြစ်ကျော် ဓာတ်အားလိုင်းနှင့် ၆၆/၁၁ ကေဗွီ ဓာတ်အားခွဲရုံကို ဖေဖော်ဝါရီ ၂၀ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အဆိုပါ ဓာတ်အားခွဲရုံမှ ၂၄ နာရီ လျှပ်စစ်မီးပေးနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည်။

ဘီလူးကျွန်းပေါ်မှ ချောင်းဆုံဒေသတွင် နိုင်ငံတော်ဓာတ်အားစနစ်မှ ၂၄ နာရီ ဓာတ်အားဖြန့်ဖြူးနိုင်ခဲ့ပြီဖြစ်၍ လက်မှုပညာလုပ်ငန်းများသာမက အသေးစားစက်မှု လုပ်ငန်းများ ပိုမိုထွန်းကားလာနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ချောင်းဆုံဒေသအတွက် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရန် ၆၆ ကေဗွီ မော်လမြိုင်-ချောင်းဆုံ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းကို ၂၀၁၃-၂၀၁၄ ခုနှစ်မှစတင်၍ ဓာတ်အား လိုင်းအူကြောင်း တိုင်းတာခြင်းလုပ်ငန်းများ အား ဆောင်ရွက်ခဲ့ပြီး ဆောက် လုပ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ သံလွင်မြစ်ကျော် Bore Pile Foundation ၅ တိုင်လုပ်ငန်းများအား ၂၀၁၄-၂၀၁၅ ခုနှစ်တွင် စတင်ခဲ့သည်။

အဆိုပါ စီမံကိန်း၏ အခက်ခဲဆုံးအပိုင်းဖြစ်သည့် သံလွင်မြစ်ကျော် တာဝါတိုင်ဆင်ခြင်း၊ လုပ်ငန်းများနှင့် ကြိုးဆွဲခြင်း လုပ်ငန်းများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများ က ဆက်လက်ဆောင်ရွက်ကြရာ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက်တွင် တည်ဆောက် ပြီးစီးခဲ့ပြီး ၆၆ ကေဗွီ ချောင်းဆုံဓာတ်အားခွဲရုံမှ တစ်ဆင့် မီးသုံးစွဲသူ အိမ်ထောင်စု ၁၇၄၀ ကို ၂၄ နာရီ ဓာတ်အားဖြန့်ဖြူးပေး ခဲ့သည်။

ယင်း ၆၆ ကေဗွီ မော်လမြိုင်-ချောင်းဆုံ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ စီမံကိန်းလုပ်ငန်းအတွက် ပစ္စည်းတန်ဖိုးကျပ် ၄၃၇၉ ဒသမ ၇၆၇ သန်းနှင့် တည်ဆောက်ရေးစရိတ်ကျပ် ၇၆၄၄ ဒသမ ၉၂၀ သန်းဖြစ်၍ နိုင်ငံတော် ဘတ်ဂျတ်မှ စုစုပေါင်းကျပ် ၁၂၀၂၄ ဒသမ ၆၈၇ သန်း ကုန်ကျခဲ့သည်။

အဆိုပါ ဓာတ်အားလိုင်း ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

၁၉၈၀ ခုနှစ်က မွန်ပြည်နယ် အတွင်း မော်လမြိုင်၊ ငန်းတေး (၁၂) မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံမှ သီးခြား ဓာတ်အားဖြန့်ဖြူးပေးခဲ့ပြီး မွန်ပြည်နယ် ချောင်းဆုံဒေသ ရှိ ကျေးရွာပေါင်း ၁၁ ရွာတွင် မီးသုံးစွဲသူ အိမ်ထောင်စု ၁၇၄၀ ကိုမူ ၅၀၀ ကေဗွီအေ မီးစက် ၂ လုံးဖြင့် တစ်နေ့လျှင် ၄ နာရီ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့သည်။ (Xinhua)