Connect with us

Science & Technology

ရန်ကုန်မြို့ဓာတ်အား လိုအပ်ချက် ဖြည့်ဆည်းနိုင်ရန် သာကေတ ၁၀၆ မဂ္ဂါဝပ် သဘာဝ ဓာတ်ငွေ့နှင့် စွန့်ပစ် အပူသုံး ဓာတ်အားပေး စက်ရုံ ၂ နှစ်အတွင်း ဓာတ်အား ထုတ်လုပ်ရန် စီစဉ်ထား

သာကေတ ၁၀၆ မဂ္ဂါဝပ် သဘာဝ ဓာတ်ငွေ့နှင့် စွန့်ပစ် အပူသုံး ဓာတ်အားပေး စက်ရုံလုပ်ငန်းစီမံကိန်း စတင်ခြင်း အခမ်းအနား အား ဖဲကြိုးဖြတ် ဖွင့်လှစ်နေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ မေ ၁၂ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့၏ ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် သာကေတ ၁၀၆ မဂ္ဂါဝပ် သဘာဝ ဓာတ်ငွေ့နှင့် စွန့်ပစ် အပူသုံး တ်အားပေး စက်ရုံ စီမံကိန်းအား ၂၄ လကြာ တည်ဆောက်၍ ၂၀၁၈ ခုနှစ် မတ်လ အတွင်း စီးပွားဖြစ် မောင်းနှင်၍ ဓာတ်အား ထုတ်လုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

ထိုစီမံကိန်းအား လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ၊ လျှပ်စစ်စွမ်းအား စီမံရေးရာ ဦးစီးဌာနနှင့် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ UREC ENERGY INTERNATION ကုမ္မဏီ လီမိတက်တို့မှ ဖက်စပ်ပူးပေါင်း၍ U ENERGY THAKETA POWER CO.,LTD မှ တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
စက်ရုံ လုပ်ငန်း စတင်ခြင်း အခမ်းအနားအဖြစ် ယနေ့မေ ၁၂ ရက်တွင် ရန်ကုန်မြို့ သာကေတ ဓာတ်အားပေး စက်ရုံ ဧရိယာ အတွင်း ပြုလုပ်ခဲ့ရာ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လက်ရှိ အခြေအနေအရ လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှု တိုးမြှင့်ရန် လိုအပ်နေသည့် အချိန်အခါတွင် ယခုလို ဓာတ်အားစနစ်ကို တည်ငြိမ်စွာ ဖြန့်ဖြူးရာတွင် အရေးပါသည့် သဘာဝ ဓာတ်ငွေ့နှင့် စွန့်ပစ် အပူသုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံ တစ်ခု ကို တိုးချဲ့တည်ဆောက်ရန် စီမံကိန်း လုပ်ငန်း စတင်ခြင်းမှာ ပြည်သူ လူထုအတွက် အတိုင်းအတာ တစ်ခု အထိ အကျိုး ဖြစ်ထွန်းစေမည် ဖြစ်ကြောင်း အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ထို့အတူ လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးထိန်လွင်က မြန်မာနိုင်ငံ၏ လျှပ်စစ် ဓာတ်အား သုံးစွဲမှုမှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်း ၊ ၃၀၀ မဂ္ဂါဝပ် တိုးတက် နေခြင်းကြောင့် ဓာတ်အားပေး စက်ရုံများကို ထပ်မံ တိုးချဲ့တည်ဆောက်ရန် လိုအပ်နေခြင်း ဖြစ်ကြောင်း ၊ ယခုစီမံကိန်း ဖြစ်သည့် သာကေတ သဘာဝ ဓာတ်ငွေ့စက်ရုံ စီမံကိန်းကို ခေတ်မီသည့် ဓာတ်ငွေ့တာဘိုင် စက်များနှင့် စွန့်ပစ် အပူသုံး တာဘိုင် စက်များကို ထည့်သွင်း တည်ဆောက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က တရုတ်နိုင်ငံသည် ကမ္ဘာ့လျှပ်စစ် စွမ်းအင် ထုတ်လုပ်ရေး နိုင်ငံကြီး ဖြစ်ရုံသာမက မြန်မာနိုင်ငံ၏ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းကောင်း နိုင်ငံလည်း ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ အခက်အခဲနှင့် ရင်ဆိုင်ရသည့် အချိန်တိုင်း တရုတ်နိုင်ငံသည် ပထမဦးဆုံး လက်ကမ်း အကူအညီ ပေးရန် ဆန္ဒရှိကြောင်း ၊ ယင်းမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အတွက် ကောင်းမွန်သည့် အခွင့်အလမ်း တစ်ရပ် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
စက်ရုံ တည်ဆောက်ပြီး ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းကို ဆောင်ရွက်ရန် ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် စီမံကိန်း ဖြစ်မြောက်နိုင်စွမ်း နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့၍ ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် ဓာတ်အားပေး စက်ရုံ တည်ဆောက်ရန် သဘောတူညီမှု စာချုပ် လက်မှတ်ရေးထိုးခဲ့ပြီးနောက် ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ UREC ENERGY INTERNATION ကုမ္ပဏီ လီမိတက်နှင့် လျှပ်စစ်စွမ်းအား စီမံကိန်း ဦးစီးဌာနတို့သည် ဖက်စပ် လုပ်ကိုင်မှု သဘောတူညီချက် ရေးထိုးခဲ့ကြောင်း သိရသည်။
ယခုတည်ဆောက်မည့် စက်ရုံသည် ရန်ကုန်မြို့တွင် ငါးခုမြောက် တည်ဆောက်မည့် ပုဂ္ဂလိက ဓာတ်အားပေး စက်ရုံ ဖြစ်ပြီး လုပ်ငန်း ပထမအဆင့်တွင် ၁၀၆ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည် ဖြစ်ကာ ဒုတိယ အဆင့်တွင် မဂ္ဂါဝပ် ၄၀၀ ခန့်ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး Ms.Li Jiang ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန တာဝန်ရှိသူများ ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.