Connect with us

Science & Technology

လာမည့်နှစ် နွေရာသီတွင် ဓာတ်အား လိုအပ်ချက်ကို ထပ်မံ ဖြည့်ဆည်း ပေးနိုင်ရေး စီမံကိန်းအသစ် ၇ ခုကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိဟုဆို 

မကွေးမြို့နယ်ရှိ (၆၆) မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး အင်ဂျင် ဓာတ်အားပေး စက်ရုံ အား တွေ့ရစဉ်(ဓာတ်ပုံ - Ministry of Electricity and Energy,Myanmar)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၂ ရက်(ဆင်ဟွာ)

လာမည့် ၂၀၂၀ ပြည့်နှစ် နွေရာသီတွင် ဓာတ်အား လိုအပ်ချက်ကို ထပ်မံ ဖြည့်ဆည်း ပေးနိုင်ရေး အတွက် ဓာတ်အား ထုတ်လုပ် ရေး စီမံကိန်း အသစ် ၇ ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ်၏ ပြီးခဲ့သော နွေရာသီတွင် လျှပ်စစ်ဓာတ်အားပေး စက်ရုံများမှ အများဆုံး ၃,၉၈၀ မဂ္ဂါဝပ် ထုတ်လုပ် ပေးနိုင် ခဲ့ကြောင်း ၊ လာမည့် ၂၀၂၀ နွေရာသီတွင် တစ်နိုင်ငံလုံး၏ ဓာတ်အားလိုအပ်ချက်သည် အမြင့်ဆုံး ၅,၀၀၀  မဂ္ဂါဝပ် ခန့်ရှိမည် ဖြစ်၍ ထပ်မံလိုအပ်မည့် ၁,၀၀၀ မဂ္ဂါဝပ်ကျော်ကို ထပ်မံဖြည့်ဆည်းပေးနိုင်ရေးအတွက် ဓာတ်အား ထုတ်လုပ်နိုင်ရေး စီမံကိန်းအသစ် ၇ ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

စီမံကိန်းများမှာ မကွေး ၆၆ မဂ္ဂါဝပ် ၊ ကျောက်ဖြူ ၁၅၀ မဂ္ဂါဝပ် ၊ သာကေတ ၄၀၀ မဂ္ဂါဝပ် ၊ သီလဝါ ၃၅၀ မဂ္ဂါဝပ်၊ ကျွန်းချောင်း ၂၀ ဒသမ ၅ မဂ္ဂါဝပ်၊ အလုံ ၁၅၁ ဒသမ ၅ မဂ္ဂါဝပ် နှင့် ရွှေတောင် ၂၈ မဂ္ဂါဝပ်တို့ဖြစ်ပြီး၊ အဆိုပါ စီမံကိန်း (၇) ခုမှ စုစုပေါင်း စက်တပ်ဆင် အင်အား (၁၁၆၆) မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်းများတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် မကွေးတိုင်း ဒေသကြီး ၊ မကွေးမြို့နယ်ရှိ (၆၆) မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး အင်ဂျင် ဓာတ်အားပေး စက်ရုံ အား ဒီဇင်ဘာ ၂၁ ရက်တွင် ဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ပြီး အဆိုပါ စီမံကိန်းမှာ ပထမဆုံးဖွင့်လှစ်သည့် စီမံကိန်း ဖြစ်ကြောင်း သိရသည်။

မကွေး (၆၆) မဂ္ဂါဝပ်ဓာတ်အားပေး စက်ရုံစီမံကိန်းသည် ရွှေကမ်းလွန်မှ သဘာဝဓာတ်ငွေ့ တစ်ရက် ကုဗပေ ၁၅ သန်း ကို အသုံးပြု၍ ဓာတ်အားထုတ်လုပ် မောင်းနှင်သွားမည်ဖြစ်ပြီး ၂၀၂၀ ခုနှစ် နွေရာသီတွင် တိုးတက်သုံးစွဲလာမည့် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အချိန်တို အတွင်း ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အချိန်မီစွာ ဖြည့်ဆည်းပေးနိုင်ရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ရေတို/ရေရှည်စီမံချက်များ ချမှတ် ဆောင်ရွက် လျက်ရှိရာ ၂၀၁၉ ခုနှစ် ၊ ဒီဇင်ဘာလတွင် တစ်နိုင်ငံလုံး (၅၀) ရာခိုင်နှုန်းကို နိုင်ငံတော်၏ဓာတ်အားစနစ်မှ ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်း၊ ၂၀၃၀ ပြည့်နှစ်တွင် ၁၀၀ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အားကို ဖြန့်ဖြူးပေးနိုင်ရန် ဆက်လက် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117