Connect with us

Science & Technology

၂၀၁၇ ခုနှစ်အတွင်း ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ ကမ်းလွန် လုပ်ကွက် တွင်းသစ် ၃၇ ခု ထပ်တူးမည်ဟုဆို

လျှပ်စစ်နှင့် စွမ်းအင် ၀န်ကြီးဌာန ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးဌေးအောင် အဖွင့်စကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

မြန်မာ့ ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ လုပ်ငန်းသည် မြန်မာနိုင်ငံ ကမ်းလွန် ရေနံ လုပ်ကွက်များအတွင်း ယခု နှစ်တွင် တွင်းသစ် ၃၇ တွင်း တူးဖော်မည်ဟု လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က ထုတ်ပြန်ကြေညာခဲ့သည်။

“မြန်မာနိုင်ငံ ကမ်းလွန် လုပ်ကွက်များအတွင်းမှာ နိုင်ငံတကာ ကုမ္ပဏီများက ရှာဖွေရေး တွင်းများ တူးဖော်မှု အနေဖြင့် ၂၀၁၅ ခုနှစ်တွင် ၁၅ တွင်း၊ ၂၀၁၆ ခုနှစ်တွင် ၃၆ တွင်း တူးဖော်ခဲ့ပြီး အခုနှစ်မှာ ၃၇ တွင်း တူးဖော် သွားပါမယ်” ဟု ၎င်းက ပြောခဲ့သည်။မြန်မာ့ ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ လုပ်ငန်းသည် ပြည်တွင်း လိုအပ်ချက်ကို ဖြည့်ဆည်းရန်နှင့် နိုင်ငံခြား ဝင်ငွေ ရှာဖွေပေးနိုင်ရန် ရည်ရွယ်ချက်များဖြင့် ကုန်းတွင်းနှင့် ကမ်းလွန် ရေနံနှင့် သဘာ၀ ဓာတ်ငွေ့တူးဖော် ထုတ်လုပ် မှုကို ကိုယ်တိုင်သော်လည်းကောင်း၊ နိုင်ငံခြား ရေနံ ကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိရာ ကုန်းတွင်းပိုင်းအတွက် လုပ်ကွက် ၅၃ ကွက်နှင့် ကမ်းလွန်ပိုင်းတွင် ၅၁ ကွက် ၊ စုစုပေါင်း သတ်မှတ်ပေးထားကြောင်း၊ ကုန်းတွင်းပိုင်းတွင် နိုင်ငံတကာ ရေနံ ကုမ္ပဏီ ၁၇ ခုတို့က လုပ်ကွက် ၂၆ ခုတွင် လည်းကောင်း၊ ကမ်းလွန်ပိုင်းတွင် နိုင်ငံတကာ ရေနံ ကုမ္ပဏီ ၁၉ ခုတို့က လုပ်ကွက် ၃၇ ခုတွင်လည်းကောင်း မြန်မာ့ရေနံ နှင့် သဘာ၀ ဓာတ်ငွေ့ လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်းလည်း ၎င်းက ရှင်းပြသည်။

လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာ့ ရေနံနှင့် သဘာ၀ ဓာတ်ငွေ့လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦးက ရှင်းလင်း ဖြေကြားစဉ် (ဆင်ဟွာ)

လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက ပုံမှန် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

ကမ်းလွန် လုပ်ကွက် များအတွင်း ယခုနှစ် တူးဖော်မည့် တွင်းသစ် ၃၇ တွင်းသည် ဇောတိက ကုမ္ပဏီ၏ လုပ်ကွက် M(9)၊ Total ရတနာ လုပ်ကွက်၊ A(6) လုပ်ကွက်နှင့် AD(7) လုပ်ကွက်များအတွင်းတွင် ရှိကြပြီး ယခု ၂၀၁၇ ဇန်နဝါရီလအကုန်တွင် စတင် တူးဖော် သွားမည်ဟု ကမ်းလွန် ရေနံနှင့် သဘာ၀ ဓာတ်ငွေ့တူးဖော် ထုတ်လုပ်ရေးဌာန ညွှန်ကြားရေးမှူး ဦးအောင်စိုးမင်းက မီဒီယာကို ဖြေကြားသည်။ (Xinhua)