Connect with us

Science & Technology

သတင်း အချက်အလက် နည်းပညာ တက္ကသိုလ်၌ Open Campus ကျင်းပမည်

သတင်းအချက်အလက် နည်းပညာတက္ကသိုလ်အားတွေ့ရစဉ် (မြဝတီ)

ရန်ကုန်၊ ဇူလိုင် ၂၅ရက် (ဆင်ဟွာ)

သတင်း အချက်အလက် နည်းပညာ တက္ကသိုလ်၌ Open Campus ကို သြဂုတ် ၁ ရက်တွင် နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် သံလွင်လမ်းရှိ အဆိုပါ တက္ကသိုလ်၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ Open Campus ပွဲတွင် လေးနှစ်တာ ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ ရေးဆွဲထားသည့် Projects များ၊ နိုင်ငံတကာ အဖွဲ့အစည်း များနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိသော သုတေသန လုပ်ငန်းများ၊ ကျောင်းသား၊ ကျောင်းသူများအား လေ့ကျင့် သင်ကြားပေး နေမှုပုံစံနှင့် ကျောင်းသား၊ ကျောင်းသူများ သင်ယူလေ့လာ နေကြသည့် ပုံစံများကိုလည်း စိတ်ပါဝင်စား သူများ အနေဖြင့် လွတ်လပ်စွာ လေ့လာ ကြည့်ရှုနိုင်မည် ဖြစ်သည်။

ထို့ပြင် တက္ကသိုလ်၏ ရည်မှန်းချက်များ၊ ရည်ရွယ်ချက် များကို သိရှိစေရန် တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသည့် ကျောင်းသား၊ ကျောင်းသူများ မိမိတို့ စိတ်ပါဝင်စားသည့် အထူးပြု ဘာသာရပ်၊ အသက်မွေး ဝမ်းကျောင်း ဘာသာရပ်များကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ရေး အထောက်အကူ ဖြစ်စေရန်၊ ကုမ္ပဏီ လုပ်ငန်းရှင်များမှ ယနေ့ ICT အထူးပြု ကျောင်းသား၊ ကျောင်းသူများ၏ အရည်အချင်း များကို လေ့လာဆန်းစစ် အကဲဖြတ်၍ မိမိတို့ လုပ်ငန်းများ အတွက် လိုအပ်သည့် လူ့စွမ်းအား အရင်းအမြစ် များကို ရွေးချယ်ခန့်ထား နိုင်ရန် သတင်း အချက်အလက် နည်းပညာ တက္ကသိုလ်မှ ဘွဲ့ရ ကျောင်းသား၊ ကျောင်းသူများ၏ အနာဂတ် ခိုင်မာရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်၊ စာတွေ့ လက်တွေ့ လေ့ကျင့်သင်ကြား နေမှုများကို သိရှိစေရန်၊ ICT ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အထောက် အကူပြု အရည်အချင်း ပြည့်မီသော လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ရာတွင် Public Private Partnership (PPP) ပုံစံဖြင့် ဆောင်ရွက်နိုင်ရန် ကျင်းပခြင်း ဖြစ်ကြောင်း တွဲဖက်ပါမောက္ခ ဒေါက်တာ ဆွေဇင်လှိုင် က ပြောသည်။

သတင်း အချက်အလက် နည်းပညာ တက္ကသိုလ်ကို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ တွင် အဆင့်မြင့် ကွန်ပျူတာ တက္ကသိုလ် တစ်ခုအဖြစ် ရန်ကုန် ကွန်ပျူတာ တက္ကသိုလ် (ဗဟန်းနယ်မြေ) ကို ဖွင့်လှစ်ခဲ့ပြီး ၂ဝ၁၅ ခုနှစ် ဧပြီလ တွင် သတင်း အချက်အလက် နည်းပညာ တက္ကသိုလ် (University of Information Technology – UIT) ဟု အမည်ပြောင်းလဲ ခဲ့သည်။ ထို့ပြင် UIT သို့ တက်ရောက်လိုလျှင် တက္ကသိုလ်ဝင် စာမေးပွဲတွင် အမှတ်ပေါင်း ၄၅ဝ နှင့်အထက်ဖြင့် အောင်မြင်သူများ ဖြစ်ရမည်ဖြစ်ပြီး နှစ်စဉ် ကျောင်းသား၊ ကျောင်းသူ ဦးရေ ၂ဝဝ ကို လက်ခံသင်ကြား ပေးလျက် ရှိကြောင်း မြဝတီသတင်းတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.