Connect with us

Social

ရန်ကုန်မြို့တွင်း လျှပ်စစ်မီး ၂ ရက် ဆက်တိုက် အချိန်ပိုင်း ဖြတ်တောက်မည်

မြန်မာနိုင်ငံ အတွင်းရှိ လျှပ်စစ် ဓာတ်အားပေး တာဝါတိုင် တစ်ခု အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့အတွင်းရှိ မြို့နယ်အချို့၌ လျှပ်စစ်မီး ၂ ရက် ဆက်တိုက် အချိန်ပိုင်း ဖြတ်တောက်မည် ဖြစ်ကြောင်း ရန်ကုန် လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်ထားသည်။

လျှပ်စစ်မီး ဖြတ်တောက်မှု ပထမရက်အနေဖြင့် ဧပြီလ ၂၃ ရက်တွင် ရန်ကင်း၊ ရွှေပေါက္ကံ၊ တောင်ဥက္ကလာ၊ ဒဂုံ(အရှေ့)၊ မင်္ဂလာတောင်ညွန့်၊ ပန်းဘဲတန်း၊ လမ်းမတော်၊ အလုံ၊ ဗဟန်း၊ ကြည့်မြင်တိုင်၊ မရမ်းကုန်း၊ ကမာရွတ်မြို့နယ်များ၏ ရပ်ကွက်အချို့၊ CNG ဆိုင်အချို့နှင့် စက်မှုဇုန် အချို့တို့၌ နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအတွင်း အချိန်ပိုင်း ဓာတ်အား ပြတ်တောက်မှုများ ရှိမည် ဖြစ်သည်။

ဒုတိယ ရက် ဧပြီလ ၂၄ ရက်တွင် ပန်းဘဲတန်း၊ လမ်းမတော်၊ အလုံ၊ ဗဟန်း၊ ကြည့်မြင်တိုင်၊ မရမ်းကုန်း၊ ကမာရွတ်မြို့နယ်များ၏ ရပ်ကွက်အချို့၊ CNG ဆိုင်အချို့ ၌ နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအတွင်း ယာယီ ဓာတ်အား ပြတ်တောက်မှုများ ရှိမည် ဖြစ်သည်။

အဆိုပါ ဖြတ်တောက်ရခြင်းသည် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားခွဲ ရုံများနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်မှု ရှိစေရန်၊ ဓာတ်လိုက်မှု အန္တရာယ်မှ ကင်းဝေးစေရန်၊ ဓာတ်အား ပြတ်တောက်မှုများ လျော့နည်းစေရန် အတွက် ဓာတ်အားလိုင်း များနှင့် မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်း၊ ဓာတ်အား ခွဲရုံများ ထိန်းသိမ်း ပြုပြင်ခြင်း၊ ကြံ့ခိုင်မှု အားနည်းသော လျှပ်ကာကြွေသီးများ အသစ်လဲလှယ် တပ်ဆင်ခြင်း၊ လျှပ်စစ် အန္တရာယ် လုံခြုံ စိတ်ချရသော လျှပ်ကာ ဓာတ်အားလိုင်း ကြိုးများ လဲလှယ် တည်ဆောက်ခြင်း လုပ်ငန်းများကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေး ရှင်းက ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)