Connect with us

Social

ရေဘေးသင့် ပြည်သူများအတွက် ပြည်တွင်း အလှူရှင်များထံမှ ကျပ် ၅၂၈ သန်းကျော် လက်ခံရရှိထား

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ရှိ ရေဘေးသင့် ဒေသခံ ပြည်သူများအတွက် Sky Net မိသားစုမှ ထောက်ပံ့ရေး ပစ္စည်းများ လှူဒါန်းနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ အနှံ့ မိုးကြီး ရေလျှံမှုများကြောင့် ရေဘေးသင်‌့ ပြည်သူများအတွက် ပြည်တွင်းရှိ အလှုရှင်များထံမှ ဇူလိုင်လ ၂၉ ရက်မှ သြဂုတ်လ ၉ ရက်အထိ လှူဒါန်းမှုမှာ စုစုပေါင်း ကျပ် ၅၂၈,၈၁၂,၇၅၀ နှင့် အမေရိကန် ဒေါ်လာ ၆,၅၅၀ ၊ ထိုင်းဘတ် ၅၀,၂၀၀ နှင့် မလေးရှားရင်းဂစ် ၂,၀၀၀ တို့ဖြစ်ပြီး လက်ခံရရှိသော အလှူငွေနှင့် ပစ္စည်းများကို ရေဘေးသင့် ပြည်သူများသို့ ထောက်ပံ့လျှက် ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ သိရသည်။

နိုင်ငံတစ်ဝှမ်း သဘာဝ ဘေးအန္တရာယ် ကျရောက်ခဲ့သဖြင့် ရေဘေးသင့် အိမ်ထောင်စု ၂၂၆,၉၀၈ စုမှ လူဦးရေ ၁,၀၁၆,၁၆၇ ဦးရေ ရေဘေးသင့်ခဲ့ပြီး ၉၉ ဦး သေဆုံးခဲ့သည်။လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ ဆန်ရိက္ခာ တန်ဖိုးငွေကျပ် ၇၅,၅၂၀,၈၅၀ ၊ အရေးပေါ် အစားအစာ တန်ဖိုးငွေကျပ် ၂၃,၉၉၆,၃၃၀ ၊ အိမ်ဆောက်ပစ္စည်း တန်ဖိုး ငွေကျပ် ၁၄၆,၉၅၀,၀၀၀ ၊ ကယ်ဆယ်ရေးပစ္စည်း တန်ဖိုးငွေကျပ် ၂၃၃,၇၅၉,၁၈၆ နှင့် သေဆုံးမှု ထောက်ပံ့ကြေး ငွေကျပ် ၈,၄၀၀,၀၀၀ ၊ စုစုပေါင်း တန်ဖိုးငွေကျပ် ၄၈၈,၆၂၆,၃၆၆ ကို ပေးပို့ထောက်ပံ့ထားကြောင်း သိရသည်။

ရေဘေးသင်‌့ ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းများကို နေပြည်တော်ရှိ အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးရုံးများသို့ လာရောက်လှူဒါန်းလျှက်ရှိကြောင်း သိရသည်။ (Xinhua)