Connect with us

Social

၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်တွင် အရက်၊ ဘီယာ ကြော်ငြာဆိုင်းဘုတ် ခွင့်မပြု

ရန်ကုန်မြို့ရှိ ကြော်ငြာ ဆိုင်းဘုတ် တစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၁၁ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အနေဖြင့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် အတွက် စိုက်ထူပြီး ကြော်ငြာ ဆိုင်းဘုတ်များကို ပြန်လည် အငှားချထား ပေးမည်ဖြစ် သော်လည်း အရက်၊ ဘီယာနှင့် စီးကရက်များ ကြော်ငြာ ခွင့်ပြုမည် မဟုတ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ စီမံရေးဌာန လုပ်ငန်းရေးရာ ဌာနခွဲမှ သိရသည်။

ကြော်ငြာဆိုင်းဘုတ် လျှောက်လွှာ ခေါ်ယူခြင်းကို မေလ ၉ ရက်မှ ၂ဝ ရက်အထိ သတ်မှတ်ထားပြီး မေလ ၂၆ ရက်တွင် မဲနှိုက် ရွေးချယ်ပေးမည် ဖြစ်သည်။

ကြော်ငြာဆိုင်းဘုတ် လျှောက်ထားသူ တစ်ဦးလျှင် ဆိုင်းဘုတ် အရေအတွက် အများဆုံး ငါးခုသာ လျှောက်ထားရမည် ဖြစ်ပြီး လျှောက်ထားသူ၏ အမည်၊ နိုင်ငံသား စိစစ်ရေးအမှတ်၊ နေရပ်လိပ်စာနှင့် ဖုန်းနံပါတ် တို့ကို ပြည့်စုံစွာ ရေးသား ဖော်ပြ၍ လျှောက်လွှာနှင့် အတူ နိုင်ငံသား စိစစ်ရေးကတ် မိတ္တူ၊ ကြော်ငြာ ဒီဇိုင်းပုံစံ၊ လုပ်ငန်း/ ကုမ္ပဏီ လိုင်စင် မိတ္တူ၊ အစိုးရ အဖွဲ့အစည်း၊ ဝန်ကြီးဌာန၊ ဌာနဆိုင်ရာတို့၏ ထောက်ခံချက် သို့မဟုတ် လုပ်ငန်း ဆောင်ရွက်ခွင့် သို့မဟုတ် ဖြန့်ချိခွင့် သို့မဟုတ် အခမ်းအနား ကျင်းပခွင့် မိတ္တူများကို ပူးတွဲတင်ပြ ရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လျှောက်ထားသူ များသည် မြို့တော်ဘဏ်သို့ ငွေကျပ် သိန်း ၂ဝ ကြိုတင် ပေးသွင်းရမည် ဖြစ်ပြီး မဲမပေါက်ပါက ယင်းငွေကို ပြန်လည် ထုတ်ပေးမည် ဖြစ်သည်။ မဲပေါက်သူသည် ကျသင့်ငွေကို ဇွန်လ ၃ဝ ရက် နောက်ဆုံးထား ပေးသွင်းရမည် ဖြစ်ပြီး အဆိုပါ ကြိုတင်ပေးငွေကို ခုနှိမ်ပေးသွားမည် ဖြစ်သည်။

မဲနှိုက်ချထား ပေးမည့် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီပိုင် ၄၅ ပေ x ၁၅ ပေ ကြော်ငြာ ဆိုင်းဘုတ်များကို အုပ်စု ငါးခုခွဲထားပြီး အုပ်စု (A) တွင် ပါဝင်သည့် ကမ္ဘာအေး ဘုရားလမ်း၊ ဦးချစ်မောင်လမ်း နှင့် ဆရာစံ လမ်းထောင့်၊ ပြည်လမ်း၊ ဦးဝိစာရလမ်း၊ ကန်ပတ်လမ်း၊ အင်းလျားလမ်းနှင့် တက္ကသိုလ် ရိပ်သာလမ်း၊ စက်မှု (၁) လမ်း၊ ဟံသာဝတီလမ်း တို့ရှိ တိုင်များအတွက် ငွေကျပ် သိန်း ၂၅ဝ ၊ အုပ်စု (B) တွင်ပါဝင်သည့် သုဝဏ္ဏ အားကစားကွင်း အနီး၊ မြောက်ဥက္ကလာပ အဝိုင်း၊ လေးထောင့်ကန် လမ်းနှင့် ဝေဇယန္တာလမ်း၊ သံသုမာလမ်းနှင့် ပါရမီလမ်းဆုံ၊ ကမ်းနားလမ်း တို့ရှိတိုင်များ အတွက် ငွေကျပ် သိန်း ၁၈ဝ၊ အုပ်စု (C) တွင် ပါဝင်သည့် တိုင်များအတွက် ငွေကျပ် ၁၃၅ သိန်း၊ အုပ်စု(E) တွင်ပါဝင်သည့် တိုင်များအတွက် ငွေကျပ် သိန်း ၁ဝဝ နှင့် အုပ်စု (F) တွင် ပါဝင်သည့် တိုင်များအတွက် ငွေကျပ်သိန်း ၅ဝ စသည်ဖြင့် ဈေးနှုန်း သတ်မှတ် ထားကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ကြော်ငြာ ဆိုင်းဘုတ်များ ပြန်လည် ငှားရမ်းခြင်း လုပ်ငန်းကို ၂ဝ၁၂ ခုနှစ်မှ စတင်ခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၅ ခုနှစ်တွင် ကြော်ငြာ ဆိုင်းဘုတ် ၄၈ဝ နီးပါး အငှား ချထားကာ
တစ်နှစ်လုံးစာ အတွက် ငွေကျပ် ၁၃၅ သိန်း ကောက်ခံ ခဲ့ကြောင်း မြဝတီ သတင်းတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.