Connect with us

Social

၂၀၂၀ပြည့်နှစ် မေလတွင် ရောင်းမကုန်သည့် ထီလက်မှတ် ၆ သိန်းကျော် ရှိ ၊ ဧပြီလနှင့် နှိုင်းယှဉ်ပါက အရောင်းပြန်တက်လာ 

ရန်ကုန်မြို့ရှိ အောင်ဘာလေ ထီအရောင်းဆိုင် တစ်ခုတွင် ထီထိုးနေသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

၂၀၂၀ပြည့်နှစ် မေလတွင် ရောင်းမကုန်သည့် အောင်ဘာလေထီလက်မှတ် ၆ သိန်းကျော် ရှိခဲ့ပြီး ဧပြီလတွင်ရောင်းမကုန်သည့် ထီလက်မှတ် ၁ ဒသမ ၈ သန်းကျော် သန်းကျော်ရှိခဲ့သည့် အတွက် ဧပြီလ နှင့် နှိုင်းယှဉ်ပါက အရာင်းပြန်တက်လာကြောင်း၊ ဇွန်လတွင် အောင်ဘာလေ ထီလက်မှတ် ရောင်းအားသည် မေလထက်ပိုမိုများနိုင်ကြောင်း စီမံကိန်းဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ် က ယနေ့ ဇွန် ၁၁ ရက်တွင် ဆင်ဟွာသို့ ပြောကြားခဲ့သည်။ 

ဦးမင်းထွဋ် က “COVID-19 ကာလမှာတော့ အရမ်းအရောင်းကျခဲ့ပေမယ့် အခုတော့ လူတွေလည်း အပြင်ပြန်ထွက်လာကြပြီဆိုတော့ ပုံမှန်လောက်နီးနီး ထီလက်မှတ်ရောင်းအားပြန်တက်လာပါပြီ။ ဒီလတော့ အောင်ဘာလေထီလက်မှတ် ရောင်းမကုန်တာတွေ ရှိနိုင်ပေမယ့် ဧပြီ နဲ့မေ လောက် မကျန်နိုင်တော့ပါဘူး’’ ဟု ပြောသည်။

ထီလက်မှတ် အက္ခရာတစ်လုံးလျှင် ထီအုပ်ရေ  ၈၁,၈၁၈ အုပ် ထုတ်ပြီး အချို့လများတွင် အက္ခရာ ၃၈ လုံး၊ အချို့လများတွင် အက္ခရာအလုံး ၄၀ ထုတ်ကြောင်း သိရသည်။“ပိတ်ရက်နည်းရင် အက္ခရာ အလုံး ၄၀ လောက်ထုတ်တယ်။ ပုံမှန်ချိန်ကတော့ ထုတ်သလောက်ကုန်တယ်။ COVID-19 ကြောင့် Home Stay ကာလတွေကတော့ ထီလကျန်များတာပေါ့။ ဒီဇွန်လ ကတော့ ပုံမှန်လောက်နီးနီးရောင်းရမှာပါ။’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

အောင်ဘာလေထီလက်မှတ်များရောင်းရငွေစုစုပေါင်း ၏ ၆၀ ရာခိုင်နှုန်းကို ထီဆုငွေအဖြစ်ခွဲဝေချီးမြှင့် ပေးကြောင်းသိရသည်။ ထီဆုများအဖြစ် ကျပ်သိန်းတစ်သောင်းငါးထောင်  (၁) ဆု၊ ကျပ်သိန်းတစ်သောင်း  (၁) ဆု၊ ကျပ်သိန်းငါးထောင်  (၁) ဆု၊ ကျပ်သိန်းနှစ်ထောင်  (၂)ဆု၊ ကျပ်သိန်းတစ်ထောင်  (၂)ဆု၊ ဆုတစ်ဆုချင်း   စနစ်မှ   ကျပ်သိန်းငါးရာ  (၁၀)ဆု၊ကျပ်သိန်းနှစ်ရာ  (၁၁) ဆု၊ကျပ်သိန်းတစ်ရာဆု  (၁၂)ဆု၊  ကျပ်သိန်းငါးဆယ်  (၁၂)ဆု၊  ကျပ်သိန်းနှစ်ဆယ်  (၁၅) ဆု၊ ကျပ်တစ်ဆယ်သိန်း  (၁၆) ဆုနှင့်  ဝေဝေဆာဆာပဒေသာဆုမဲစနစ်မှ ကျပ်သုံးသိန်း  (၆၀)ဆု ၊  ကျပ်နှစ်သိန်း  (၆၀၀) ဆု၊  ကျပ်တစ်သိန်း  (၆၀၀၀) ဆု၊  ကျပ်ငါးသောင်း  (၅၀၀၀၀)ဆုများကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။  (Xinhua)