Connect with us

Sport

အာဆီယံ ယူ-၁၆ ဘောလုံး ပြိုင်ပွဲကို မြန်မာအသင်း ဝင်ရောက် ယှဉ်ပြိုင်မည်

အာဆီယံ ယူ-၁၆ ဘောလုံး ပြိုင်ပွဲတွင် သွားရောက် ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၆ ဘောလုံးအသင်း (ဓာတ်ပုံ- မြန်မာ ဘောလုံးအဖွဲ့ချုပ် Facebook)

ရန်ကုန်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

အာဆီယံ ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် အာဆီယံ ယူ-၁၆ ဘောလုံး ပြိုင်ပွဲကို ဇူလိုင်လ ၂၇ ရက်မှ သြဂုတ်လ ၉ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပမည်ဖြစ်ပြီး မြန်မာ ယူ-၁၆ အသင်းမှ ပါဝင် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူ ဦးစိုးမိုးက ဆင်ဟွာကို ယနေ့ ပြောကြားသည်။

ပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၁၆ အသင်းတွင် အဖွဲ့ခေါင်းဆောင် ဦးမျိုးဝင်းညွန့်၊ နည်းပြချုပ် အဲရစ်ဝီလျံ၊ လက်ထောက်နည်းပြ ဦးတင်မောင်ဝင်းနှင့် ဦးအောင် ကျော်ထွန်း၊ ဂိုးနည်းပြ ဦးမြင့်ဦး၊ ကစားသမားများ အဖြစ် ဂိုးသမား-ထက်ဝေယံစိုး၊ အောင်မြင့်မြတ်၊ ဟန်နိုင်စိုး၊ နောက်တန်း-အောင်ဝဏ္ဏစိုး၊ ကျော်ဖြိုးဝေ၊ မင်းမြတ်သူ၊ ဟိန်းစိုး၊ သူရဆန်း၊ အောင်အောင်ဇင်၊ ဘိုဘိုအောင်၊ သက်ပိုင်ထွေး၊ အလယ်တန်း-ကောင်းထက်ကျော်၊ မြတ်ကောင်းခန့်၊ ထက်ဖြိုးဝေ၊ ဖုန်းမင်းခန့်၊ ထွန်းဆိုင်၊ အာကာကျော်၊ ပြည့်စုံနိုင်၊ ရှေ့တန်း -ကျော်ကျော်ထက်၊ ဝင်းနိုင်ထွန်း၊ ဟိန်းထက်အောင်၊ သက်ပိုင်ထူးနှင့် အောင်ချစ်ဦးကိုကို တို့ ပါဝင်ကြမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ Facebook စာမျက်နှာတွင် သတင်းထုတ်ပြန်သည်။

ယခုပြိုင်ပွဲကို အာဆီယံ ဒေသတွင်းမှ အင်ဒိုနီးရှား အသင်းမှလွဲ၍ အသင်း ၁၁ သင်း ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး မြန်မာအသင်းမှာ အုပ်စု (ခ) တွင် သြစတြေးလျ၊ စင်ကာပူ၊ အိမ်ရှင် ကမ္ဘောဒီးယား၊ ဖိလစ်ပိုင် အသင်းတို့နှင့် အတူ ကျရောက်လျက် ရှိသည်။ အုပ်စု (က) တွင် မလေးရှား၊ ဗီယက်နမ်၊ ထိုင်း၊ လာအို၊ ဘရူနိုင်းနှင့် တီမော အသင်းတို့ ပါဝင်ကြသည်။ မြန်မာအသင်းသည် ပြိုင်ပွဲဝင်ရန် ဇူလိုင်လ ၂၅ ရက်တွင် ထွက်ခွာမည် ဖြစ်ပြီး ပွဲဦးထွက် ပွဲစဉ်အဖြစ် ဇူလိုင်လ ၂၈ ရက်တွင် စင်ကာပူအသင်းနှင့် စတင် ကစားရမည် ဖြစ်သည်။

ဦးစိုးမိုးက “ပြိုင်ပွဲ ဝင်မယ့် မြန်မာ ယူ-၁၆ အသင်းကို နည်းပြချုပ် အဖြစ် ရန်ကုန် နည်းပြချုပ်ဟောင်း အဲရစ်ဝီလျံက ဇူလိုင်လ ၂ဝ ရက်ကမှ စပြီး ကိုင်တွယ်တာ။ ဒီနေ့ဆိုရင် နည်းပြနဲ့ ကစားသမားနဲ့ တွဲလုပ်ရတာ ၃ ရက်ပဲ ရှိသေးတာပေါ့။ ပြီးတော့ ကလေးတွေက အသက်လည်း ငယ်သေးတော့ ပွဲမှာ ဘယ်လောက်အထိ အောင်မြင်နိုင်မလဲ ဆိုတာကတော့ ပြောရခက်ပါသေးတယ်’’ ဟုပြောသည်။

မြန်မာယူ-၁၆ အသင်း နည်းပြချုပ်သစ် အဲရစ်ဝီလျံက ဒီအသင်းကို ကိုင်တွယ်တာ ရက်ပိုင်းပဲ ရှိပါသေးတယ်။ ကစားသမား တွေကို ပွဲဘယ်လို ကစားရမလဲဆိုတာ အဓိက သင်ကြားသွားမှာပါ။ ဒီပြိုင်ပွဲမှာ အနိမ့်ဆုံး ဆီမီး အဆင့်ရောက်ဖို့ မျှော်မှန်းထားပါတယ်။ အာရှ ယူ-၁၆ ခြေစစ်ပွဲ အတွက် ကစားသမားသစ်တွေ အားဖြည့်သွားမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်ထားသည်။ (Xinhua)